တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

စစ်တွေကမ္ဘောဇဘဏ်အနီး နေအိမ်တစ်ဆောင်ကို သူခိုးများမီးရှို့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 935

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၂၉ / ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ‌ယနေ့ (ဇွန် ၂၉ ရက်) နံနက် ၆ နာရီအချိန်ခန့်က နေအိမ်တစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်သွားသည့် အိမ်မှာ ကမ္ဘောဇဘဏ် (၁) အနီး လမ်းကြားမှ ဖြစ်ပြီး အဆိုပါအိမ်ကို သူခိုးများက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အနီးအနားမှ ဒေသခံတစ်ဦးက ပြောသည်။

" သူခိုးတွေ မီးရှို့ခဲ့တာလို့ သိရတယ်။ အဲဒီအိမ်မှာ လူမရှိတာကြာပြီး။ အဲဒီလမ်းတစ်လျှောက်လုံးက အိမ်တွေမှာ လူမရှိဘူး။ မနက်လင်းတော့ အဲဒီနားက ညှော်နံ့တွေ နံတယ်။ နံနက် ၆ နာရီလောက်မှာတော့ တစ်အိမ်လုံး မီးလောင်သွားတယ်။ အနားက အိမ်တစ်ဆောင်ကိုလည်း နည်းနည်း ကူးစက် သွားတာတော့ ရှိတယ်" ဟု ပြောသည်။

အဆိုပါ မီးအား ၇ နာရီအချိန်ခန့်တွင် အနီးအနားရှိ ရပ်ကွက်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မီးလောင်သွားသည့်အိမ်မှာ ပျဉ်စီ၊ ဝါးထရံကာအမျိုးအစားဖြစ်သည်ဟု သူကဆက်ပြောသည်။

စစ်တွေမြို့ရှိ ပြည်သူအများစုမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး လွတ်မြောက်နယ်မြေများနှင့် ရန်ကုန်မြို့သို့ သွားရောက်ပြီး စစ်ဘေးရှောင်နေကြရသည့် အချိန်တွင် ယခုနေအိမ် မီးလောင်ခြင်းဖြစ်သည်။

ထို့အပြင် စစ်တွေမြို့ပေါ်သို့ ကုန်စည်စီးဆင်းမှုများကိုလည်း စစ်ကောင်စီမှ ကန့်သတ်ထားသည့်အတွက် အရပ်သားပြည်သူများမှာ စားဝတ်နေရေးအခက်အခဲဖြစ်လျက်ရှိနေကြသည်ဟု သိရသည်။

စစ်တွေမြို့သည် လက်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသေးသော်လည်း  ဥပဒေစိုးမိုးမှု မရှိတော့သည့်အတွက် ခိုးဆိုးလုယက်သောင်းကျန်းမှုများ အထူးတိုးပွာ လာနေသည်ဟု စစ်တွေဒေသခံများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ