Preview

သံတွဲတွင် ဆက်လက်ပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ

ဇွန် ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :2463
ရခိုင် သတင်း

(ဒေသခံ သောင်းနှင့်ချီပြီး နေအိမ်များကို စွန့်ခွာထွက်ပြေး၇)

နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၄

ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသဖြင့်သံတွဲမြို့ပေါ်နှင့် အနီးအနား ကျေးရွာများမှ လူပေါင်း သောင်းနှင့်ချီပြီး အိုးအိမ်များကိုစွန့်ခွာထွက်ပြေးနေကြရသည်ဟု ဒေသအတွင်းက လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

“ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲထည့်တဲ့ လူဦးရေက သံတွဲမြို့နယ်မှာ၂ သိန်း ၃ သောင်းရှိတယ်။ အခုက မြို့ပေါ်မှာ အိမ်တစ်အိမ် အိမ်စောင့် တစ်ယောက်စ နှစ်ယောက်စလောက်ဘဲကျန်ခဲ့တယ်။ ကျန်တာအကုန်လုံး ထွက်ပြေးရတယ်။ အခုက ဘယ်လောက်ထွက်ပြေးကြရတယ်ဆိုတာ ခန့်မှန်းလို့မရဖြစ်နေတယ်။ သံတွဲမြို့နယ်က လူ ဂွမြို့နယ်ဘက်ကို ထွက်ပြေးတယ်။ ဂွဘက်ကို ရောက်ရင် ဧရာ၀တီတိုင်း၊ရန်ကုန်ကို ပြောင်းသွားကြတယ်။ ဂွကလူတွေလည်း ရန်ကုန်ဘက်ကို ပြောင်းရွှေ့ကြတယ်လို့ ကြားရတယ်။သံတွဲ တိုက်ပွဲက အရမ်းပြင်းပြီး ဗုံးကြဲတာတွေကလည်း အရမ်းပြင်းထန်တယ်။ ဘယ်သူမှ အိမ်ထဲမနေရဲကြဘူး”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

အိုးအိမ်များကို စွန့်ခွာထွက်ပြေးကြရသူများ သံတွဲတစ်မြို့လုံးနှင့်နယ်ကျေးရွာများဖြစ်ကြသည့် ကင်းမော်၊ ကျောက်ဆိတ်၊ ကျောင်းတိုက်၊ ဇာဒီပြင်၊ လပ်ပံစု၊ရွှေကျောင်းပြင်၊ ခြံပြင်၊ နန်ချောင်း၊ ငပလီ၊ ဇီးဖြူကုန်း၊ မဇင်၊ မှိုဟင်းပြင်၊ စပါးကြီး၊ဂေါ့၊ လင်းသာ၊ ဝါးတောင်ကွင်း၊ မြပြင်၊ ဂျိတ်တော၊ လုံးသာ၊ ရွှေသာချိုင်တို့ဖြစ်ကြသည်ဟု၎င်းက ဆိုသည်။

“ သံတွဲမြို့နယ်မြောက်ပိုင်းက အရင်ကတည်းက ထွက်ပြေးကြရတယ်။ဆင်ခေါင်းတို့၊ ရွှေလှေ၊ လင်းသီတို့က။ ရွာတချို့ဆိုရင် တစ်လလောက်ရှိနေပြီ။ စစ်ရှောင်တာတိုက်ပွဲဖြစ်ကတည်းက။ ဒီလ ၂၅ ရက်နေ့  နောက်ပိုင်းကစပြီး သံတွဲတစ်မြို့လုံး၊ ငပလီ အကုန် ထွက်ပြေးကြရတယ်။တိုက်ပွဲက သံတွဲမြို့အနီးနဲ့ ငပလီထိရောက်လာတာကို။ တောင်ဘက်ပိုင်းနေရာတွေကို ထွက်ပြေးကြရတာ။ ဂွမြို့နယ်ဘက်ကို ရွှေ့ကြ၇တာပေါ့။” 


လက်ရှိတွင် အာရက္ခတပ်တော်၏ ထိုးစစ်မှာ သံတွဲမြို့နယ် အနီးရှိရွှေကျောင်းပြင်ရွာထိ ရောက်ရှိလာပြီး မဇင်လေဆိပ်၊ ဇီးဖြူကုန်းစသည့် အနီးဝန်းကျင်တွင်လည်းတိုက်ပွဲဖြစ်ပွားနေသည်ဟု ၎င်းက ပြောကြားသည်။

“ စစ်တပ်က သံတွဲမြို့ကို ဝင်ရောက် နေရာယူထားတယ်။ လေယာဉ်ကတော့နေ့စဉ်ဝဲတယ်။ စစ်တပ်က အမြောက်ကို လင်းသာရွာထိပ် စမ်းတောင်ဘုန်းတော်ကြီးကျောင်းမှာ ဆင်ထားတယ်လို့သိရပါတယ်။ နောက် မောင်ရွှေလေးမှာရှိတဲ့ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်။ အရင်က ဗားတောင်ကပါပစ်ကူပေးတယ်။ အခုတော့ ဗားတောင်က အမြောက်တပ်က နောက်ဆုတ်လာပြီး မြို့သစ် အိုးအိမ်ဝန်ထမ်းအိမ်ရာမှာတပ်စွဲထားတယ်။ သံတွဲထောင်မှာလည်း စစ်တပ်က တပ်စွဲထားတယ်။ မြို့လုံခြုံရေးကို တပ်ရင်း၁၀၁ က နေရာယူထားပြီး တပ်မ ၂၂ က တပ်ဖျောက်ထားပြီး နယ်ဘက်ကို ထိုးစစ်ဆင်ဖို့ တာဝန် ယူထားတယ်လို့ကြား၇တယ်” ဟု ပြောသည်။

လက်ရှိတွင် သံတွဲနှင့် ငပလီကြားကို အေအေက ဖြတ်တောက်ထားပြီးခလ၇ ၅၅ တပ်ရင်းနှင့် ခမ၇ ၅၆၆ တပ်ရင်းတို့ အကြား အဆက်အသွယ်မလုပ်ရအောင် ဖြတ်တောက်ထားသည်ဟု သိ၇သည်။


“ ဒီနေ့တော့ ရွှေကျောင်းပြင်ရွာမှာ ဗုံးကျတယ်လို့ ကြားတယ်။သံတွဲလေဆိပ် လေယာဉ်ပြေးလမ်း အဆုံး မှိုဟင်းပြင်ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားရပါတယ်။အသေးစိတ်တော့ မသိရဘူး။ အေအေက မြို့ရဲ့ လေးဘက် လေးတန်က ဝိုင်းထားတယ်။ နယ်ကျေးရွာတွေက အကုန်လုံး အေအေလက်ထဲရောက်သွားပြီ။ မြို့ဝင် စစ်ဆေးရေးဂိတ်တွေကအကုန်လုံး အေအေလက်ထဲရောက်သွားပြီလို့ သိရတယ်။ စာနီတောင်ဂိတ်က အစ၊ စစ်သားတွေ ဂိတ်တွေမှာမရှိတော့ဘူး ” ဟု ပြောသည်။ 

သံတွဲမြို့သည် စစ်ကောင်စီနှင့် ၎င်း၏ အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်များမှပိုင်ဆိုင်ထားသော ဟိုတယ်အပါအဝင် စီးပွားရေးလုပ်ငန်းအများအပြားတည်ရှိသည့်အပြင် ပင်မရေငုပ်တပ်ရင်းအပြင်တစ်ခြား စစ်ရေးအရအရေးပါသော နေရာအများအပြားတည်ရှိသဖြင့် သံတွဲမြို့ မကျစေရန် စစ်ကောင်စီကကြည်း၊ရေ၊ လေ သုံးပြီး အပြင်းအထန် ကာကွယ်နေသည်ဟု သိ၇သည်။

အာရက္ခတပ်တော်ဘက်ကလည်း စစ်ရေးအရော စီးပွားရေးအရပါ အရေးပါသောသံတွဲမြို့အား အလုံးစုံ ထိန်းချုပ် သိမ်းပိုက်ရန် စစ်ပွဲအရှိန်ကို မြှင့်တင် တိုက်ခိုက်လျက်ရှိသည်ဟုသိ၇သည်။ (ဓာတ်ပုံ- ပို့ပေး)

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.