သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

သံတွဲမြို့ ငပလီ ၅၅ တပ်ရင်းကို မြို့ရှောင်လမ်းဘက်မှပတ်ကာ AA ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

(စစ်ကူ စစ်ကောင်စီ စစ်ကြောင်းများပိတ်မိနေ၍ လေယာဉ်ဖြင့်ဗုံးကြဲကာ စစ်ကူပေးနေ)

လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၃ /၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ ငပလီရှိ ခလရ (၅၅) ကို အာရက္ခတပ်တော် (AA) မှ ငပလီ မြို့ရှောင်လမ်းဖက်မှ ပတ်ကာ ဇူလိုင်လ ၂ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့်စစ်ကူပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံ တစ်ဦးက “ မနေ့က  နေ့လယ်  ၁၂ နာရီလောက်ကတည်း ကတိုက်ပွဲဖြစ်နေတာ။ စစ်ကောင်စီက ငပလီမြို့ ရှောင်လမ်းဘက်ကိုပါ ဗုံးကြဲပေးနေတယ်။ အေအေက အရင်ဇီးဖြူကုန်းရွာနဲ့ လေယာဉ်ကွင်းဖက်က တိုက်နေတာလေ။  အခုဗျူဟာပြောင်းပြီး မြို့ရှောင်လမ်းဖက်က ပတ်ပြီး ထိုးစစ်ဆင်လာပြီ မြို့ရှောင်လမ်းနဲ့ ခလရ ၅၅ က တော်တော်နီးနေပြီ တောင်တစ်ကွေ့ပဲရှိတော့တယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ငပလီမြို့ရှောင်လမ်းသည် သံတွဲမြို့နှင့် ၁ မိုင်ခွဲသာကွာဝေးပြီး ခလရ ၅၅ နှင့်မိုင်ဝက်ခန့်သာ ကွားဝေးတော့ကြောင်းသိရသည်။

ငပလီ ဒေသခံတစ်ဦးက “   တိုက်ပွဲဖြစ်ပွားတာက သံတွဲက ငပလီကို လာတဲ့လမ်းမှာ ငပလီအထကနဲ့ ရော်ဘာခြံရုံးကို မရောက်ခင် မြို့ရှောင်လမ်းမှာ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဒီလမ်းက ဂျိတ္တောအထိပေါက်ပါတယ်။ လမ်းဆုံမှာ ဓူဝံစားသောက်ဆိုင်ရှိပါတယ်။ အဲဒီနေရာနားက ရော်ဘာတောမှာ တိုက်ပွဲ ဖြစ်တယ်လို့ သတင်းရပါတယ်” ဟု ပြောသည်။

အဆိုပါမြို့ရှောင်လမ်းတွင် အေအေလှုပ်ရှားမှုရှိသည်ဟူသောသတင်းများကြောင့် ဇွန်လ နောက်ဆုံးအပတ်မှစတင်ကာ စစ်ကောင်စီမှသွားလာ ခွင့်ပိတ်ထားသော်လည်း လက်ရှိတွင် အေအေမှထိုးဖောက်ကာ ခလရ ၅၅ သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံ မှသိရသည်။

စစ်ကောင်စီ၏ ခမရ ၅၆၆နှင့် ခလရ ၅၅ တို့အား မဇင်လေယာဉ်ကွင်းနှင့် ဇီဖြူကုန်းကျေးရွာများ ဖက်မှထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာတပတ်ကျော်ခန့်ကြာမြင့်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန် ကာ စစ်ကောင်စီမှလေယာဉ်ပစ်ကူများ လက်နက်ကြီးများဖြင့် ခုခံလျက်ရှိရာမှ အေအေသည် ခလရ ၅၅ နှင့်နီးကပ်သော ငပလီမြို့ရှောင်လမ်းဖက်မှ စစ်မျက်နှာပြောင်းကာ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံ စစ်မှုထမ်းဟောင်းတစ်ဦးက ဆိုသည်။

“ အစကတည်းက လေယာဉ်ပစ်ကူမရှိရင် ခမရ ၅၆၆ ရော၊ ခလရ ၅၅ ရောကျပြီလေ။ အခုက တချို့စစ်ကူတွေတောင် ဆုတ်လို့မရဘူး။  အေအေဝိုင်းထားတာ အသေခံရမယ့် သဘော။ ထွက်ပေါက်က ရေကြောင်းပဲရှိပြီ။ အခုမြို့ရှောင်လမ်းမှာတိုက်ပွဲဖြစ်ပြီ အေအေက နန်ချောင်း ဓာတ်အားပေး ရုံအနားထိရောက်လာပြီး လမ်းကိုဖြတ်ပိတ်ရင် မြို့ထဲက စစ်ကောင်စီတပ်တွေရဲတွေနဲ့ ငပလီတပ်ရင်းတွေ အဆက်အသွယ်ပြတ်ပြီ၊ မြို့က အလိုလိုကျသွားမယ်” လို့စစ်မှုထမ်း ဟောင်းတစ်ဦးမှပြောသည်။

မြေပြင်တွင် အရှုံးဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ငပလီရှိ ဇီးဖြူကုန်းရပ်ကွက်၊ သပြေကုန်း အနီးကို လေယာဉ်ဖြင့် ဗုံးကြဲလျက်ရှိပြီး ခလရ ၅၅ ၏နောက်ကြောတွင် အေအေ ချင်းကပ်လာသော သတင်းများကြောင့်  ရော်ဘာခင်းများကို ဗုံးကြဲလျက်ရှိကြောင်းသိရသည်။

အာရက္ခတပ်တော်(အေအေ)သည် မဇင်လေဆိပ်နှင့် ငပလီကို သိမ်းပိုက်ထားပြီး ခမရ ၅၆၆ နှင့် ခလရ ၅၅ တပ်ရင်းကိုလည်းဆက်လက် သိမ်းပိုက်ရန် အထွက်အဝင်ကို ပိတ်ဆို့ကာ ထိုးစစ်ဆင်လျက် ရှိကြောင်းသိရသည်။

အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အေအေကလည်း သတင်းထုတ်ပြန်ထားသည်။

(သတင်းအချက်အလက်အချို့-CJ ပေးပို့  နှင့် ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ