သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ဂွနှင့်​ကျိန္တလီမြို့တွင် စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် ၅ ရက်အတွင်း ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 403

နိရဉ္စရာ၊ ဇူလှိုင် ၃/၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသေးသည့် ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့တွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းကို နင်းမိ၍  (၅) ရက်အတွင်း ဒေသခံ တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဇူလှိုင်လ  ၂ ရက်က ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ကိုမြင့်မောင် (၂၈) နှစ်သည်  မှိုရှာထွက်ရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“ သူက မိုင်းနင်းပြီး ညာခြေထောက် ပြတ်သွားပါတယ်။ သူက ကျိန္တလီက ဆိုပေမယ့် ဇာတိက ကျောက်ချွန်ရွာကပါ။ မှိုသွားရှာရင်း မိုင်းထိတာလို့ သိရပါတယ်။ မိုင်းထိတဲ့နေရာက ရဲစခန်းနောက်ဘက်လို့ သိရပါတယ်။ ရဲက အဲဒီနေရာတွေကို မသွားဖို့ အသံချဲ့စက်နဲ့ ကြိုတင် သတိပေးထားတယ်လို့ လည်း သိရပါတယ်။”

မိုင်းနင်းမိသူ ကိုမြင့်မောင်မှာ မိသားစု စားဝတ်နေရေး အခက်အခဲရှိနေသဖြင့် ယခုလို  မှိုရှာထွက်ရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ဖြစ်သည်ဟု သိရသည်။

အလားတူ ဂွမြို့၊ ခမရ (၅၆၂) တပ်ရင်းနောက် ရဟိုင်းကွင်း ဆည်နားတွင်လည်း မိုင်းထိပြီး အမျိုးသား တစ်ဦး ဇွန် ၂၉ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု ဒွါရာဝတီသတင်းအရ သိရှိရသည်။

သေဆုံးသူသည် သက်ကြီးပိုင်းအမျိုးသားတဦးဖြစ်ပြီး၊ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာမှ ဖြစ်ပြီး မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်မှ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

“တောထဲမှာ သစ်ခုတ်၊ ဝါးခုတ်တဲ့အလုပ်ကို လုပ်တဲ့ သက်ကြီးပိုင်းတယောက် ထိတာပါ၊ ဆေးရုံကို ရောက်လိုက်သေးတယ်လို့ကြားတယ်။  သွားကယ်ကြတဲ့လူတွေ လူနာဆီရောက်ဖို့အရေး တော်တော် သွားရတယ်လို့ ပြောတယ်၊ သွေးထွက်လွန်သွားတာ”ဟု ဂွမြို့ခံတဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် သူတို့ တပ်စခန်းချရာ အနီးဝန်းကျင်နှင့်  အေအေ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် မိုင်းများကို ထောင်ထားသဖြင့် ဒေသခံပြည်သူများ အထူးသတိထား သွားလာကြရန် လိုအပ်နေသည်ဟု မြေမြှုပ်မိုင်းအရေး လှုပ်ရှားနေသူများက ပြောဆိုသည်။

ဓာတ်ပုံ- Dwayarwady Community Base News Agency

ဆက်စပ် သတင်းများ