- Web Master
- ၂၆ အောက်တိုဘာ ၂၀၂၄
သဉ္ဇာနွယ်၊ ဇူလိုင် ၃/ ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဇူလှိုင် ၂ ရက် နေ့လယ်က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူများမှာ မြုံပြင်ကျေးရွာမှ မကြည်ဖြူခင် အသက် (၁၈)နှစ်၊ မယုယမြင့်မွန် အသက်(၁၄ ) နှစ်၊ မဝေဝေထွေး အသက် (၂၁) နှစ်၊ ဒေါ်မြလေးစိန် အသက် (၄၅) နှစ်နှင့် ဒေါ်သိန်းဟန် အသက် (၇၆) နှစ် တို့ဖြစ်ကြသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြုံပြင်ကျေးရွာအနီးတဝိုက်ကို ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့၍ ရွာထဲတွင်ရှိနေသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၂ ဦးအပါအဝင် ၅ ဦးမှာ ကျည်စထိမှန်၍ ဒဏ်ရာရရှိသွားသည်ဟု သံတွဲမြို့နယ်မှ ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။
“ မနေ့ကဆိုရင် တိုက်ပွဲလည်းမရှိဘဲနဲ့ ရွာတွေကို တမင်လာပစ်တာ။ နေအိမ်တချို့လည်း ပျက်စီး သွားတယ်။ မိုးတွေကလည်း ရွာနေတော့ ရွာသားတွေကလည်း အေးဆေးနားနေကြတဲ့အချိန်မှာ အခုလို လာကြဲတဲ့အတွက် ၅ ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာတွေကစိုးရိမ်စရာတော့မရှိပါဘူး” ဟုပြောသည်။
ယခုလို ဗုံးလာကြဲခြင်းသည် ရပ်ရွာများထဲတွင် အာရက္ခတပ်တော်ရှိသည်ဟု ဆိုကာ သတင်းပေးသည့် သူများရှိခြင်းကြောင့် ဖြစ်သည်ဟု သံတွဲမြို့ခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။
“ သံတွဲမြို့နယ်တွေဖက်မှာ တိုက်ပွဲရပ်တန့်နေတာ ရက်အနည်းငယ်လောက်ရှိနေပြီ။ အခုလို ပြည်သူတွေ အေးအေးချမ်းချမ်းခဏနေတဲ့အချိန်မှာ ဗုံးလာကြဲတာက ရွာထဲကို အေအေရောက်တယ် ဆိုပြီး မမှန်မကန် သတင်းပေးတဲ့သူတွေရှိကြလို့ဖြစ်တာလို့ ထင်ရပါတယ်” ဟုပြောသည်။
မြုံပြင်ကျေးရွာသည် စစ်ကောင်စီတပ်စွဲခဲ့သည့် ဘားတောင်ဂိတ်အနီးတွင် တည်ရှိပြီး သံတွဲမြို့ထွက်ဝ ဒွါရာဝတီကွက်သစ်နှင့် တစ်မိုင်ခန့်ကွာဝေးသည့်နေရာတွင်တည်ရှိသည်။
သံတွဲမြို့နယ်နှင့် ငပလီမြို့အနီးအနားတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် သံတွဲမြို့ရှိ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးတို့ကို သံတွဲမြို့တောင်ဘက် ဂွမြို့သို့ ရွှေ့ပြောင်း သွားခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် သံတွဲမှ စစ်ရှောင်သွားသည့် ဒေသခံသောင်းနှင့်ချီသည်လည်း အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ရခိုင်တွင်
တိုက်ပွဲ တကျော့ပြန်လည်စတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ
ဇွန်လ ၈ ရက်နေ့အထိ စစ်ကောင်စီရဲ့
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၃၁၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၄၆
ဦးအထိရှိကာ ဖမ်းဆီးထားသူ ၄၅၂ဦး ထိရှိတယ်လို့
ဦးခိုင်သုခက
ဇွန်လ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ (Photo by APM)