တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မောင်တောမြို့အား ပိတ်ဆို့ထားနေရာယူသည့် စစ်ကောင်စီတပ် နေရာ ၅ ခုအား AA မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နောင်မင်းသူ၊ နိရဉ္စရာ၊ဇူလှိုင် ၄ ရက်/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့အား ပိတ်ဆို့ထားသော စစ်ကောင်စီတပ်၏  နေရာ (၅) ခုအား အာရက္ခတပ်တော် (AA) က မိုးအပြင်းအထန် ရွာနေသည့် ကြားထဲက  ဇူလှိုင်လ ၃ ရက် ညနေ ၃ နာရီကျော်မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေ ၃ နာရီကျော်က စတင်ခဲ့သော တိုက်ပွဲသည် ယနေ့ ဇူလှိုင်လ ၄ ရက် နံနက်အထိ ဆက်လက်ဖြစ်ပွားနေသည်ဟု အမှတ် (၅)ရပ်ကွက်မှ ဒေသခံမွတ်ဆလင်တဦးက နိရဉ္စရာ သတင်းဌာနကို ပြောကြားသည်။

"မနေ့က ညနေ ၃ နာရီကျော်ကတည်းက နေရာငါးနေရာမှာတိုက်ပွဲဖြစ်နေကြတာ။ မိုးကလည်းရွာ တိုက်ပွဲကလည်းပြင်းထန်နေခဲ့တာ။ တစ်ညလုံးမအိပ်လိုက်ရဘူး။ လက်နက်ကြီး၊လက်နက် ငယ်၊ စက်‌သေနတ်၊ ဒရုန်းပစ်သံတွေမြို့ပတ်လည်မှာဆူညံစွာကြားနေရတာ။ဒီနေ့ မနက်အထိ တိုက်ပွဲက ပြင်းထန်နေကြဆဲပါ"ဟု ၎င်းက ပြောသည်။ 

မောင်တောမြို့အဝင် ကျေးရွာများတွင် ခြေကုတ်နေရာယူထားကြသည့်  စစ်ကောင်စီတပ်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်စစ်သားများသည် အေအေထိုးစစ်ကို အပြင်းအထန်ခုခံနေကြသော်လည်း မွတ်ဆလင်စစ်သားအချို့ AA ထံ လက်နက်ချမှုများရှိနေသည်ဟုလည်း ဒေသခံများထံမှ တဆင့် သိရသည်။

တိုက်ပွဲမှာ တစ်ညလုံး ပြင်းထန်စွာဖြစ်ပွားနေခဲ့ကြပြီး ကညင်ချောင်း စီးပွားရေးဇုန်ချောင်းဝ၌ ရပ်တန့်ထားသည့် စစ်ကောင်စီနေဗီမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုရွှေဇား‌ဒေသ ခံများကပြောဆိုသည်။

"တိုက်ပွဲကတစ်ညလုံးဖြစ်နေတာ။ အခုလည်းဖြစ်တုန်းပါ။ မနက်အစောကြီး ညဉ့် ၁ နာရီကျော်မှာ ကညင်ချောင်း ချောင်းဝ မှာရပ်ထားတဲ့ စစ်နေဗီက လက်နက်ကြီးပစ်ကူပေးတယ်။ လက်နက်ကြီးကျည် လေးလုံးကို  မြို့ပေါ်ကို ကျော်ပြီး ပန်းတောပြင်ရွာဖက်ကို ပစ်တယ်။ ရွှေဇားဖက်ကို စစ်ကားနှစ်စီးနဲ့ အင်အားဖြည့်တယ်။ အခုမနက် ၇ နာရီကျော်မှာလည်း ဇူလရွာဖက်က လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတယ်။ လသာနဲ့ ကာလဘာရွာဖက်က လက်နက်ငယ်သံ‌ တွေ ဆက်တိုက်ကြားနေရဆဲ့ပါ"ဟု  ရွှေဇား‌ကျေးရွာဒေသခံတဦးက ပြောဆိုသည်။

တိုက်ပွဲမှာ ပြင်းထန်နေပြီး မိုးလည်း အဆက်မပြတ်ရွာသွန်းနေသည်ဟု သိရသည်။

အာရက္ခတပ်တော်၏ ဇွန် ၁၆ ရက်နေ့က မောင်တောမြို့နှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်တွင်လည်း ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တော မြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊   အဆိုပါ လက်ကျန် စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်မှ အသိပေး ထုတ်ပြန်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် မောင်တောမြို့ပေါ်တွင် ဒေသခံရခိုင်၊မွတ်ဆလင်၊ဟိန္ဒူ လူမျိုး သောင်းနှင့်ချီပြီး ပိတ်မိနေကာ ကုန်စည်စီးဆင်းမူလည်း ရပ်တန့်နေသဖြင့် အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ထင်း၊ မီး‌သွေးများ ပြတ်လပ်ကာ ကုန်ဈေးနူန်းများ အဆမတန် ဈေးမြင့်တက်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ် သတင်းများ