Preview

သံတွဲအကျဉ်းထောင်တွင် အထိုင်ချနေသည့် စစ်ကောင်စီဗျူဟာမှူးမှ အုန်းပွဲ ငှက်ပျောပွဲများဖြင့် အသက်အန္တရယ်ကင်းအောင် ပူဇော်ပသနေဟုဆို

ဇူလိုင် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :6767
ရခိုင် သတင်း

လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၄ /၂၀၂၄


ရခိုင်ပြည်၊သံတွဲမြို့၊အကျဉ်းထောင်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီဗျူဟာမှူးက အာရက္ခတပ်တော်ကို (AA) ကို ကြောက်လန့်၍ အုန်းပွဲ ငှက်ပျောပွဲများဖြင့် ယတြာများပြုလုပ်ပြီး အသက် အန္တရယ်ကင်းအောင် ပူဇော်ပသနေကြောင်း သံတွဲအကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦးမှ နိရဉ္စရာ သို့ အတည်ပြုပြောကြားသည်။

 

“ စကားပြောစက်နဲ့ ဗျူဟာမှူးက သံတွဲထောင်ကနေ ညွန်ကြားနေတယ်။သူဆက်သွယ်ပြီး ခဏနေရင် လေယာဉ်တွေ လာပြီ။ပြည်သူတွေနေတဲ့နေရာတွေကို ဗုံးကြဲဖို့ သူကအဲ့ဒီက မြေပုံကြည့်ပြီးညွှန်ကြားနေတာပါ။သူကျတော့သေမှာကြောက်လို့ အုန်းပွဲ ငှက်ပျောပွဲတွေနဲ့ ယတြာတွေပြုလုပ်နေတယ်။ သူတို့တပ်ထဲမှာ သုံးတဲ့ ဗေဒင်ဆရာတစ်ယောက်ကို ခေါ်ထားတယ်။ အေအေကို ကြောက်လို့ခုလို လုပ်နေတာ ”ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦးမှပြောသည်။

 

၎င်းဗျူဟာမှူးအား  အေအေက လက်နက်ချရန်သတိပေးထားသည်မှာကြာနေပြီဖြစ်ကြောင်း၊အုန်းပွဲ ငှက်ပျောပွဲများဖြင့် ယတြာများပြုလုပ်နေသော်လည်းပြေးပေါက်လဲမရှိတော့ကြောင်း၎င်းက ပြောကြားသည်။

 

သံတွဲ အကျဉ်းထောင်ရှေ့လမ်းတွင် စာတိုက်ကြီးရှေ့မှ ဝေဋုဝန်ကျောင်းရှေ့အထိ စစ်ကောင်စီမှာနေရာယူထားကာ ထောင်ပတ်လည်ရှိ ရပ်ကွက်တချို့တွင်လည်း ကင်းပုန်းများရှိနေကြောင်းနှင့် ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားသည်မှာလည်း ၂ ပတ်နီးပါးရှိလာပြီဖြစ် ကြောင်း သိ၇သည်။

 

ထိုအပြင်သံတွဲမြို့ရှိ မြို့မရဲစခန်း၊ထွေအုပ်ရုံး၊လ၀ကရုံးများတွင် စစ်ကောင်စီမှလုံခြုံရေးမရှိတော့သလိုစစ်ကောင်စီတပ်သားများသည် မြို့အတွင်းတချို့နေရာများအားမသွားလာရဲကြတော့ကြောင်းသိ၇သည်။

 

“ အခုသံတွဲမြို့မှာစစ်ကောင်စီရှိတဲ့နေရာ နံတော်တောင်ခြေရင်း အမှတ်တစ်ကျောင်း၊ အံတော်တံတား ၊ ဗိုလ်ကုန်း အဲဒီလောက်ပဲရှိပြီ မြုံပြင်က ဘားတောင်မှာတောင်လက်နက်ကြီး တပ်လည်းမရှိတော့ဘူးလေ။အကုန် ဆုတ်ကုန်ပြီ။  မြို့ပေါ်ရပ်ကွက်တွေမှာလူမရှိတော့ဘူး၊စစ်တပ်က အေအေကိုမြေပြင်မှာ တွေ့ရင်ပြေးတာ။ ကျွန်တော်ကြားတာက အေအေက မြို့ကိုမဝင်တော့ဘူး၊ ငပလီတပ်တွေကိုပဲတိုက်နေတာ။ အေအေက အတွေ့အကြုံရှိထားပြီမြောက်ပိုင်းမြို့တွေကိုသိမ်းရင် မြို့ပျက်အောင် ဗုံးကြဲတာကိုအခုသံတွဲကို မနာစေချင်ဘူး။အေအေက ဒါကြောင့်မြို့ကို ဝင်မသိမ်းတာလို့ သိရတယ်” ဟု ဒေသခံစစ်ရေးလေ့လာသူတစ်ဦးကဆိုသည်

 

ရခိုင်ပြည် သံတွဲမြို့တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် အရပ်သား သေဆုံး ဒဏ်ရာရရှိမှုများလာကြောင်းသိ၇သည်။

 

စစ်ကောင်စီ လေယာဥ်ဗုံးကြဲမှုကြောင့် ငပလီမြို့ ဇီးဖြူကုန်းရွာတွင် ဇူလိုင် ၂၈ရက်က ဒေသခံ ၃ဦး ၊ ဇူလိုင် ၂၄ရက်က ဒေသခံ ၃ဦး သေဆုံးခဲ့ပြီး ဇွန်လ ၂၂ရက်ကလည်း သံတွဲမြို့ ရွှေကျောင်းပြင်ရွာ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်။

 

သံတွဲမြို့က လင်းသီ ၊ ရွှေလှေ ၊ ပြင်ယောင်း ၊ကျောင်းကုန်း ၊ ဂေါ့ ၊ စပါးကြီး၊ မှိုဟင်းပြင် စသည့် ကျေးရွာ အများအပြားကို တစ်လ အတွင်း လေကြောင်း ဗုံးကြဲ ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့်လူ ၆၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်းသိ၇သည်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.