- Web Master
- ၃၁ အောက်တိုဘာ ၂၀၂၄
ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ ဇူလိုင် ၄ / ၂၀၂၄
ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာကို စစ်ကောင်စီကလေကြောင်းဗုံးကြဲတိုက်ခိုက်၍ ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၊ ဇရပ်၊စာသင်ကျောင်းနှင့် စပါးစက်ရုံတို့ပျက်စီးကာ အိမ်မွေး တိရစ္ဆာန်တချို့ သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။
ယနေ့ဇူလိုင်လ ၄ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပေါက်အင်းကျေးရွာကို လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး ဓမ္မာရုံ၊ ဇရပ်နှင့် စာသင်ကျောင်းနှင့် စပါးစက်အိမ်တို့ပျက်စီးကာ မွေးမြူထားသည့် ဝက်များလည်းသေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးကပြောသည်။
" ကျေးရွာဘုန်းကြီးကျောင်းနားက ဇရပ်ကိုတလုံးကျတယ်။စပါးစက်ကိုတစ်လုံးကျတယ်။ ဗုံးစတွေ မှန်ပြီးကျေးရွာစာသင်ကျောင်းအမိုးတွေလည်းပေါက်ကုန်တယ်။ ဗုံးကျတဲ့ နေရာတွေကတော့ အကုန် ပျက်စီးကုန်တယ်။ ဝက်တွေလည်းသေသွားတာရှိတယ်။ ဆရာတော် တစ်ပါးမှ အပ ရွာက လူတွေတော့ အထိအခိုက်မရှိဘူးလို့ ပြောတယ်" ဟု ယနေ့နေ့လယ်က ပေါက်အင်းကျေးရွာသား တစ်ဦးနှင့်အဆက်သွယ်ရရှိခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတပါးတွင် ခါးဆစ်ရိုး၌ ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာသားများ ထိခိုက် ဒဏ်ရာရခြင်းမရှိဟု သူကပြောသည်။
ဗုံးကြဲခံရပြီးနောက် ယခုညနေပိုင်းအထိ ပေါက်အင်းကျေးရွာဘက်မှ ဖုန်းနံပါတ်များနှင့် ဆက်သွယ် ပြတ်တောက်နေဆဲဖြစ်သည်။
ပေါက်အင်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တောင်ကုတ်မြို့တွင်တိုက်ပွဲများမဖြစ်ခင်ကလည်း အဆိုပါကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သေးသည်။