တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ရေကြောင်းအရ အဓိက အရေးပါသည့် သံတွဲမြို့ ဂျိ​တ္တောတွင် တပ်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် AA တို့ ပထမဆုံးအကြိမ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၅ /၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ ငပလီကမ်းခြေနှင့် တဆက်တည်းရှိသည့် စစ်ကောင်စီ၏ ရေကြောင်းဗျူဟာအရ အရေးပါသော ဂျိတ္တာကျေးရွာတွင် ဇူလိုင်လ ၄ ရက်နေ့က တပ်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် အာရက္ခတပ်တော် (AA) တို့ အကြား ပထမဆုံးအကြိမ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဂျိတ္တောကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်ဆုတ်လာသည့် ခလရ (၅၅) မှ စစ်ကြောင်းကို AA က ပြောက်ကျားစနစ်ဖြင့် ဝင်တိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

ဂျိတ္တော ဒေသခံတစ်ဦးက “ မနေ့က ဂျိတ္တော လမ်းဆုံမှာ စစ်တပ်က နေရာယူထားပြီး အိမ်တွေနဲ့ ဆိုင်တွေကို ဖောက်ထွင်းနေကြချိန်မှာ အေအေက ဝင်ပစ်လို့ တိုက်ပွဲဖြစ်တာ။ စစ်တပ်က ရေကြောင်း စစ်ကူတွေကို ဂျိတ္တောဖောင်ဆိပ်ကနေ တဆင့် ပို့ဆောင်ရေးလုပ်တဲ့နေရာ။ သူတို့ (စစ်တပ်) အတွက် အရေးပါလို့ လုံခြုံရေးအရ သတိထားနေတဲ့နေရာပေါ့။ ကွင်းဝိုင်းရေတပ်နဲ့ နီးတဲ့ မေရိုးဘေးဆိပ်ကမ်းနဲ့ ဂျိတ္တောဖောင်ဆိပ်ဆိုတာက တဖက်တကမ်းလေ။  အဲဒီလမ်းကြောင်းကပဲ စစ်ကောင်စီ နေဗီတွေက ငပလီကိုရော ဆင်ခေါင်းကိုရောသွားပြီး တိုက်နေတာ။ အခုတော့ တိုက်ပွဲဖြစ်နေပြီပေါ့” ဟု ပြောသည်။

ဇူလိုင်လ ၄ ရက် မွန်းလွဲပိုင်းက တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများသည် လမ်းဆုံရှိ ပြည်သူများ၏ အိမ်များနှင့် ဆိုင်များကို ဖောက်ထွင်းနေချိန်တွင် AA မှ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ဂျိတ္တောကျေးရွာ လမ်းဆုံတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ကာ အထိအခိုက် မသိရသေးဟု ဒေသခံများက ပြောကြားသည်။


“ ဂျိတ္တောရွာသားအများစုက စစ်ဘေးတိမ်းရှောင်နေကြတာလေ။ အဲဒီတော့ အိမ်တွေ ဆိုင်တွေ ပိတ်ထားခဲ့ရတော့ စစ်တပ်ကတပ်စွဲပြီး အိမ်တွေကိုဖောက်တယ်။ ဈေးဆိုင်တွေကို ဖောက်လုပ်နေတာ ကြာပြီ။ သူတို့က ဖောင်ဆိပ်ဖက်ဆင်းတယ်။ မေရိုးဘေးဖက်ကလာတဲ့ သူတို့လှေတွေက အင်အင်းတွေဖြည့်တယ်။ နေဗီတွေ ခဏရပ်တယ်။ အဲ့လိုလုပ်နေတာ။ နေ့တိုင်းလည်း ကင်းပတ်တယ်လေ”ဟု ပြောသည်။

ဂျိတ္တောကျေးရွာသည် ရခိုင်ပြည်နယ် မြို့နယ်အနှံ့မှ ရေလုပ်သားများလာရောက်လုပ်ကိုင်သော ရေလုပ်ငန်းထွန်းကားသည့် ကျေးရွာတစ်ခုဖြစ်ပြီး ထိုင်းနိုင်မှ ငါးဖမ်းသ‌င်္ဘောများ၊ ဧရာဝတီတိုင်းမှ ငါးဖမ်းသင်္ဘောနှင့် ငါးဖမ်းစက်လှေများ၊  စစ်ကောင်စီနေဗီများ မကြာခဏဆိုက်ကပ် ရပ်နားသော နေရာဖြစ်သည်ဟု သိရသည်။

အဆိုပါ ဂျိတ္တောကျေးရွာတွင် အစိုးရပုလဲမွေးမြူရေးစခန်း အပါအဝင် အအေးခန်းစက်ရုံများ ငါပုဇွန်ဒိုင်များတည်ရှိသဖြင့် စစ်အစိုးရအတွက် အရေးကြီးသော နေရာတစ်ခုလည်း ဖြစ်သည်ဟုဆိုသည်။

တစ်ခြား ဒေသခံတစ်ဦးက  “ ဂျိတ္တော ရဲစခန်းမှာ ရဲတွေတော့မရှိတော့ဘူး။ စစ်သားတွေဘဲ ရှိတာ။ မနေ့က အနီးကပ်တိုက်ပွဲမှာ  စစ်ကောင်စီက လေကြောင်းပစ်ကူ မပေးနိုင်ဘူး၊အေအေက ပြောက်ကျား ဝင်တိုက်တာ။ စစ်တပ်က တော်တော် အထိနာတယ်လို့ ကြားတယ်” ဟု ပြောသည်။

သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက် တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းက​နေ ပါဝင်စစ်ကူတိုက်ခိုက်နေသော်လည်း အာရက္ခတပ်တော်က မဆုတ်မနစ် ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိနေသဖြင့် စစ်ကောင်စီတပ်မှာ တပ်ဆုတ်နေရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ