တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ယိုးငူစစ်ဘေးရှောင်စခန်းတွင် ဆယ်ကျော်သက်အရွယ် ညားခါစ ဇနီးမောင်နှံ ၂ ဦး ကြိုးဆွဲချသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ဇူလိုင် ၅/ ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ဆယ်ကျော်သက်အရွယ် ညားခါစ ဇနီးမောင်နှံ ၂ ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့်ဇနီးမောင်နှံနှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာတွင် စစ်ဘေးရှောင် နေကြသည့် ငှက်ကြီးကျွန်းကျေးရွာမှ မောင်သန်းမြင့်စိုး (၁၈) နှစ် နှင့် ပုဏ္ဏားကျွန်းမြို့၊ အလယ်စု ရပ်ကွက်မှ မစုမြတ်ထွန်း (၁၆) နှစ်တို့ ဖြစ်ကြသည်။

“ယောကျ်ားက ရခိုင်ပါ။ အမျိုးသမီးငယ်က မရမာကြီးလူမျိုးပါ။  သူတို့ နှစ်ယောက်က ယူထားတာ ၅ ရက်လောက်ပဲ ရှိပါသေးတယ်။ ပျောက်သွားတဲ့နေ့က ဇွန်လ ၃၀ ရက်နေ့ပါ။ နောက်နေ့ မနက်မှာ တောင်ပေါ်မှာ  ထင်းသွားရှာတဲ့ လူတစ်ယောက်က သူတို့ နှစ်ယောက် သေဆုံးနေတာကိုတွေ့လို့ ကျနော်တို့ သွားကူညီပေးခဲ့ပါတယ်။ အသက်ကလည်း ဆယ်ကျော်သက် အရွယ်တွေပါ” ဟု  လင်းရောင်ခြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

၄င်းတို့ နှစ်ဦးသည် ဇွန်လ ၃၀ ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့တွင် ယိုးငူကျေးရွာအနီးက တောင်ပေါ်၏ သစ်ပင်တစ်ပင်တွင် ဆွဲကြိုးချသေဆုံးနေသည်ကို ကျေးရွာသား တစ်ဦးကို မြင်တွေ့ခဲ့သည်ပြီးနောက် လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်များနှင့် ဒေသခံများက ယူဆောင်ကာ သင်္ဂြိုလ်ပေးခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

သေဆုံးရသည့် အကြောင်းအရင်းကို သေချာမသိရသေးသော်လည်း စားဝတ်နေရေး ကျပ်တည်းမှုကြောင့် စိတ်ဖိစီးမှုများရာမှ သေကြောင်းကြံခြင်းဖြစ်နိုင်သည်ဟု ယိုးငူကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အခုသေသွားတဲ့ လင်မယားနှစ်ယောက်က ဘာကြောင့်သေသွားလဲဆိုတာကိုတော့ အတိအကျ မသိနိုင်ပေမယ့် မိသားစုတွေလည်း ပင်ပန်းဆင်းရဲကြတယ်။ စားဝတ်နေရေးတွေကလည်း အဆင် မပြေဘူး။ ယိုးငူမှာဆိုရင် လမ်းဘေးမှာ တာလပတ်ချာမိုးပြီး အမိုးမလုံဘဲ နေထိုင်ရသူတွေ အများကြီး ရှိပါတယ်။ တကယ်ဒုက္ခရောက်နေကြတာ။ တချို့ဆို ဆန်အိတ်ကိုဖြဲပြီး ကာထားရတဲ့ တဲတွေထဲမှာ မိုးမလုံ၊ လေမလုံနေထိုင်နေကြရတဲ့သူတွေလည်း ရှိနေတယ်“ ဟုပြောသည်။

၎င်းစခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်အများစုမှာ စစ်တွေနယ်၊ ပုဏ္ဏားကျွန်းမြို့နှင့် နယ်ဖက်မှ ဖြစ်ကြပြီး စားသောက် နေထိုင်ရေး အခက်အခဲများကျရောက်နေကာ  အကူအညီ များစွာ လိုအပ်နေကြောင်း စစ်ဘေး‌‌ ရှောင်များကပြောသည်။

ရခိုင်စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်မှု ခက်ခဲလာ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ