တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

သံတွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ပစ္စတိုတစ်လက်ဖြင့် AA ထံအလင်းဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင် ၇/ ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ ဂေါ့တောင် ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ထွက်ပြေးလာသည့် စစ်သားနှစ်ဦးသည် ပစ္စတိုတစ်လက်ဖြင့် ဇူလိုင်လ ၆ ရက်နေ့  ညနေပိုင်းတွင် အာရက္ခတပ်တော် (AA) ထံလက်နက်ချခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံ တစ်ဦးက “ သူတို့မှာ ပီစတိုတစ်လက်ပါတယ်။ ကျန်တဲ့လက်နက်တွေကို ဝှက်ထားသလား သေချာမသိရသေးဘူး။ အရာရှိကို သတ်ပြီးပြေးလာတယ်လို့တော့ပြောတာဘဲ။  ရွာသားတွေနဲ့ တွေ့ပြီး  အေအေကို ဆက်သွယ်ပြီး အလင်းဝင်သွားတယ်။ သူတို့နှစ်ဦးက အဲ့ဒီဂေါ့တောင်ဖက်ကနေ ဆင်းလာတာ” ဟု ဒေသခံတစ်ဦးမှပြောသည်။

၎င်းတို့နှစ်ဦးတွင် တစ်ဦးမှာ တပ်ကြပ်အဆင့်ရှိပြီး ကျန်တစ်ဦးမှာ ရဲဘော်အဆင့်ဖြစ်ကြောင်း၊ မည်သည့် တပ်ရင်းမှ ဆိုသည်ကို မသိရှိကြောင်း၊ AAတာဝန်ရှိသူများက ဆက်လက်မေးမြန်း စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။  

ခမရ ၅၆၆ တပ်ရင်း နောက်ကျောဘက်ရှိ တောင်တန်းများနှင့် ဂေါ့ကျေးရွာတောင်တန်းများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်နေရာတွင် စစ်ကောင်စီတပ်သားများပါ ထိခိုက် သေဆုံးမှုများရှိနေ၍ စစ်သားများ ဖရိုဖရဲ ထွက်ပြေးနေကြကြောင်း တစ်ခြား ဒေသခံတစ်ဦးက ပြောဆိုသည်။


“အဲ့ဒီဂေါ့တောင်နဲ့ သံတွဲ အခြေစိုက် တပ်ရင်းတွေကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချဖို့ ဆင်းလာတယ်လို့ သတင်းရတယ်။ ဗုံးကြဲနေတာနေ့တိုင်းလေ။ လေယာဉ်တွေက သူ့လူမသိ၊ ကိုယ့်လူမသိ ဗုံးချနေတော့ စစ်သားတွေပါ အကုန်ထိတာ။ အေအေ လမ်းတွေကို ပိတ်ဆို့ထားတော့  သူတို့က ခမရ ၅၆၆ ကိုလည်း ဝင်လို့မရ ခလရ ၅၅ ဘက်လည်း သွားလို့မရ။ ဆိုတော့ အဲ့တောင်တန်းတွေမှာ ရှိနေတဲ့ စစ်သားတွေ ရိက္ခာပြတ်သွားပြီလေ။ ရွာတွေကို ဆင်းလာရတာပေါ့” ဟုဒေသခံတစ်ဦးမှ ပြောသည်။

ရခိုင်ပြည် သံတွဲမြို့ ဂေါ့တောင်ပတ်ဝန်းကျင် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား တချို့ ထွက်ပြေးမှုများ ရှိနေသဖြင့် အာရက္ခတပ်တော်မှ လက်နက်ချအညံ့ခံရန် ပြောဆိုနေကြောင်း၊ လက်နက်မချသူများကို လိုက်လံ ချေမှုန်းနေကြောင်း၊  တချို့စစ်သားများမှာ သက်ကြီးသူများဖြစ်ကာ ရိက္ခာပြတ်တောက်၍ ဒုက္ခ ရောက်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

ပုံစာ-သံတွဲမြို့နယ် ပန်ချင်းပေါက်ကျေးရွာအနီးရှိရွှေကျောင်းပြင်ကျေးရွာကို စစ်ကောင်စီဗုံးကြဲထား သည်ကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ