ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

သံတွဲကျသွားရင် ဂွကနေ ခံစစ်ဖြင့် ခုခံရန် စစ်ကောင်စီပြင်ဆင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ၊ ဇူလိုင် ၇/ ၂၀၂၄

ရခိုင်ပြည် တောင်ပိုင်းခရိုင်မြို့ သံတွဲ အာရက္ခတပ်တော် ( AA) လက်ထဲကျသွားပါက ဂွမြို့ကနေ ခံစစ်အနေအထားဖြင့် ခုခံရန် စစ်ကောင်စီ တပ်အင်အားဖြည့်တင်းနေကြောင်း သတင်း ရရှိသည်။

မျက်မြင်ဒေသခံ တစ်ဦးက “ မနေ့ကတော့ ဧရာ၀တီတိုင်းဘက်က စစ်ကား ၁၄ စီး စစ်သားတွေနဲ့ အတူ ဝင်လာပါတယ်။ သူတို့အင်အားထပ်ဖြည့်ပြီး ဂွမြို့ကနေ ခုခံဖို့ ပြင်ဆင်နေပုံရပါတယ်။ ခုတလော အင်အားတွေ အများအပြားဖြည့်နေတာကို တွေ့ရပါတယ်” ဟု​ နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ဂွမြို့သည် ရခိုင်ပြည် တောင်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး ဧရာ၀တီတိုင်း ဆက်စပ်တည်ရှိသော ဒေသဖြစ်သဖြင့် ဧရာ၀တီတိုင်းမှ စစ်သားများနှင့် လတ်တလော သင်တန်းဆင်းလာသည့် စစ်မှုထမ်းပြည်သူ့စစ်များကို ဂွမြို့သို့ ပို့ဆောင်နေသည်ဟု သိရသည်။

“  ဂွမြို့မှာတော့ တပ်ရင်း ခမရ ၅၆၂ နဲ့ ၅၆၃ နှစ်ရင်းသာရှိပါတယ်။ အင်အားလည်း သိပ်မရှိတော့ အေအေဝင်တိုက်ရင် ခုခံနိုင်မှာ မဟုတ်ဘူးဆိုတော့ စစ်ကောင်စီက အင်အားတွေဖြည့်တင်းနေပါတယ်။ အဓိက ဧရာ၀တီတိုင်းက တပ်တွေနဲ့ အားဖြည့်နေတယ်။ တချို့ သံတွဲကနေ ဆုတ်လာတဲ့ ရဲတွေကိုလည်း ဂွမြို့နယ်အတွင်းမှာဘဲ ပြန်နေရာချပေးနေပါတယ်  ”ဟု ပြောဆိုသည်။

လက်ရှိရရှိသော သတင်းအရ သံတွဲက ဆုတ်ခွာလာသည့် ရဲများအား သံတွဲနှင့် ဂွအကြားရှိ ကျိန္တလီမြို့တွင်နေရာချထားသည်ဟု သိရသည်။

လက်ရှိတွင် ဂွမြို့နယ်မှ ဝန်ထမ်းများ၊ ဒေသခံများသည်လည်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ဧရာ၀တီတိုင်းနှင့် ရန်ကုန်မြို့သို့ စစ်ရှောင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

လက်ရှိ သံတွဲတွင် ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ အခြေအနေမှာ ဆိုးရွားနေပြီး ခမရ (၅၆၆) နှင့် ခလရ (၅၅) တို့လည်း အာရက္ခတပ်တော် လက်ထဲသို့ ကျသွားပြီဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းများဖြစ်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ 

“ အခုစစ်တပ်က ဂျိတ္တောမှာ တပ်တွေကို ပြန်စုပြီး ခုခံဖို့ စီစဉ်နေပုံရပါတယ်။ သံတွဲမှာက လက်ရှိ စစ်တပ်ရှိတဲ့နေရာက ဂျိတ္တောရယ်၊ သံတွဲထောင်ရယ်။ နေရာ ၂ နေရာမှာဘဲ စစ်တပ် အင်အား ရှိတော့တယ်။ အဲဒီနေရာတွေလည်း မကြာခင် တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ မနေ့ဆိုရင်လည်း လင်းသာရွာကို အောင်ဓမ္မရိပ်သာကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပါတယ်”ဟု ပြောဆိုသည်။

သံတွဲမြို့အား သိမ်းပိုက်ရန် အေအေက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစင့်ကလျား ထွက်ပြေးကနေကြသဖြင့် အေအေက လိုက်လံ ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

 

(သတင်းရင်းမြစ်- CJ and Photo - Mizzima)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!