နိရဉ္စရာ၊ ဇူလိုင် ၇/ ၂၀၂၄
အာရက္ခတပ်တော် ( AA)သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံတွဲ ခလ၇ (၅၅)နှင့် မောင်တောနခခ (၅)တို့အား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA/AA)၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာရက္ခဒေသတစ်ခုလုံးအတွင်း၌စစ်ကောင်စီတပ်များအားလုံးကို အနှေးနှင့် အမြန်ကင်းစင်ရန် အာရက္ခတပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီကမ်းခြေရှိရာ သံတွဲမြို့နှင့် မောင်တောမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း ဖော်ပြသည်။
စစ်ကောင်စီ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓည၀တီရေတပ်ဌာနချုပ်တို့အား မိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင်ရန်သူ့စခန်း တချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်သည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ(ရ) လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင်တိုက်ပွဲအရှိန်လျော့ကျသွားခြင်းမျိုးမရှိ၊ ရပ်တန့်ခြင်း မရှိဘဲ တစ်ရက်ပြီး တစ်ရက်ဆက်လက်မြင့်တက်လျက်ရှိသည်။
စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေတပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန် ခုခံနေသကဲ့သို့ မိမိတို့မှလည်းလက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အမ်းတိုက်ပွဲ
အာရက္ခတပ်တော်သည် တောဟိန်းတောင် ဗျူဟာကုန်းအား ဇွန်လ (၂၃) ရက်နေ့၊ သိမ်းပိုက် ရရှိပြီးနောက် တစ်ပြိုင်နက်တည်းတွင်အဆိုပါဗျူဟာကုန်းများမှ ထွက်ပြေး လွတ်မြောက်နေသော သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသကဲ့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) အားဝိုင်းရံပိတ်ဆို့ ဖြတ်တောက်မှုများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
အမ်းမြို့နယ်ရှိဖက်ဆစ်စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော"တောဟိန်းတောင်ဗျူဟာ" အား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့၊ နံနက် (၉) နာရီ (၅၆) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။
ဧပြီလ (၁၅) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရသော ရန်သူ၏ စစ်ရေးအရ အရေးပါသည့်ဗျူဟာကုန်းကြီးတစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးတွင် အာရက္ခတပ်တော်၏ စစ်သည်တော်များမှထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်နိုင်မှုအောက်တွင်အပြီးသတ်သိမ်းပိုက်၇ယူနိုင်ခဲ့သည်။
အဆိုပါဗျူဟာကုန်းမှ ရန်သူ့အလောင်းအမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အချို့အားသိမ်းဆည်း၇မိခဲ့သည်။
သံတွဲ တိုက်ပွဲ
သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီးလက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလ၇ (၅၅) တပ်ရင်းအားမိမိတို့မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသကဲ့သို့ ထွက်ပြေး လွတ်မြောက်နေသော ရန်သူများကိုလိုက်လံချေမှုန်းလျက်ရှိသည်။
ခလ၇(၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလ၇ (၂၅၂) တပ်ရင်းနှင့်အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလ၇ (၅၅) တပ်ရင်းနှင့်၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ယခုသတင်းထုတ်ပြန်သည့်အချိန်အထိပြင်းထန်လျက်ရှိသည်ဟု ဖော်ပြပါရှိသည်။
မောင်တောတိုက်ပွဲ
မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သည့် နခခ (၅) မြို့ သူကြီးစခန်းနှင့်အခြားသောစခန်းများကိုလည်း မိမိတို့မှ မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်ဟု ဖော်ပြသည်။
မောင်တော လေးမိုင် အခြေစိုက် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ဇူလိုင်လ (၆) ရက်နေ့၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်တွင် ရန်သူ့အလောင်း (၃၅၀)ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်း ၇မိခဲ့သည်။
နခခ (၂) တွင် စစ်ကောင်စီ၏စကခ (၁ရ) လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံ တိုက်ခိုက်ခဲ့ကြသည်။