တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဂျာမနီ၊ ဒိန်းမတ်၊ ဖင်လန်နှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာကြက်ခြေနီအသင်းက စစ်တွေရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 638

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင် ၉ / ၂၀၂၄

ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၊ ဖင်လန်ကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံ ကြက်ခြေနီ အသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ရခိုင်ပြည် စစ်တွေမြို့တွင်  ယာယီ နေရပ်စွန်ခွာပြီးလာရောက် နေထိုင်ကြသည့် ပြည်သူများအား အစားအစာများကို  ဘောက်ချာစနစ်ဖြင့် ထောက်ပံ့ကူညီခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကူညီထောက်ပံ့ပေးမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဘောက်ချာ ထောက်ပံ့ခြင်းအစီအစဥ်ကို ဆောင်ရွက်ခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် Myanmar Red Cross Society မှထုတ်ပြန်သည်။

အစားအစာဘောက်ချာ ဆိုသည်မှာ အစားအစာကို တိုက်ရိုက်ပေးဝေခြင်းမဟုတ်ဘဲ အစားအစာ ရောင်းချသူထံတွင် ဘောက်ချာပြ၍ ထုတ်ယူရသော စနစ်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ယာယီနေရပ်စွန့်ခွါ အိမ်ထောင်စု(၄၆၁)စုမှ လူဦးရေစုစုပေါင်း (၁၈၄၉)ဦး အတွက် (၁)ဦးလျှင် ဆန် (၆)ပြည်၊ ကုလားပဲ (၃၅) ကျပ်သား၊ ဆား(၁)ထုတ်နှုန်းဖြင့် ကျပ် ၅၀,၀၀၀/ တန်ဘိုးရှိ အစားအစာဘောက်ချာ(၁၈၄၉)စောင် စုစုပေါင်းတန်ဘိုးကျပ်(၉၂,၄၅၀,၀၀၀)ကို ဇွန်လ(၂၉)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အတွင်း သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ဒေသခံကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများနှင့် ရပ်ရွာလူထု ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ ဇွန်လ(၁၂)ရက်နေ့မှ ဇွန်လ(၁၆)ရက်နေ့ အတွင်း လတ်တလောအခြေအနေများကြောင့် စစ်တွေမြို့နယ်အတွင်းမှ စစ်တွေ မြို့ပေါ်သို့ ယာယီနေရပ်စွန်ခွါပြီးလာရောက် နေထိုင်ကြသည့် အိမ်ထောင်စု (၅၄၅)စုမှ လူဦးရေ စုစုပေါင်း(၁၇၈၆)ဦး အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း မှ အစားအစာများ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။


ယာယီနေရပ်စွန့်ခွါအိမ်ထောင်စု (၁)စုလျှင် စားသုံးဆီ တစ်လီတာဘူး(၄)ဘူး၊ လက်ဖက်ခြောက် (၁)ဘူး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်း ရေးသုံးပစ္စည်း(၁)အိတ်၊ ခြင်ထောင်(၁)လုံး ၊ ကလေးဝတ်အင်္ကျီ(၁)ထုပ်၊ ‌သောက်ရေပုံး (၁၀) လီတာ(၁)ပုံးနှင့် (၂၀)လီတာ(၁)ပုံး၊ တာပေါ်လင်(၁)ချပ် စုစုပေါင်း ပစ္စည်း (၈) မျိုးကို ထောက်ပံ့ပေးခဲ့ကြောင်း ဇူလိုင် ၅ရက်တွင် သတင်း ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

ထောက်ပံ့ရာတွင် ယာယီနေရပ်စွန့်ခွါ အိမ်ထောင်စုပေါင်း (၅၄၅)စုမှ လူဦးရေ စုစုပေါင်း(၁၇၈၆)ဦး ကို ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

၎င်းအိမ်ထောင်စုများအတွက် ကူညီထောက်ပံ့ပေးခဲ့သည် ကုန်ပစ္စည်း စုစုပေါင်းမှာ စားသုံးဆီ တစ်လီတာဘူး (၁၈၃၇)ဘူး၊ လက်ဖက်ခြောက် (၁၂၂၄)ဘူး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်း(၄၀၈)ထုပ်၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၄၆) ထုပ်  ၊ ခြင်ထောင် (၄၀၀)လုံး၊ ကလေးဝတ်အင်္ကျီ(၁၅၃) ထုပ်၊ ‌သောက်ရေထည့်ပုံး (၁၀) လီတာ (၂၀၂) ပုံးနှင့် ၂၀ လီတာ (၂၄၉) ပုံး၊ တာပေါ်လင် (၄၅၆)ချပ် တို့ကို သွားရောက်ထောက်ပံ့ပေးခဲ့သည်။

၎င်းအကူအညီအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေရှင်း၊ ဖင်လန်နိုင်ငံ ကြက်ခြေနီ အသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း တို့၏ ပံ့ပိုးမှုဖြင့်ထောက်ပံ့ ကူညီပေးခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ကြက်ခြေနီဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီ စေတနာ လုပ်အားရှင်များနှင့် ရပ်ရွာလူထု ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ- Myanmar Red Cross Society

 

ဆက်စပ် သတင်းများ