တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ငပလီ ခလရ (၅၅) မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်အား AA မှ ကြားဖြတ်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 5.5k

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင် ၉ / ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ ငပလီ ခလရ ၅၅မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်အား အာရက္ခတပ်တော် (AA) မှ ဇူလိုင်လ ၉ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

နံနက်ပိုင်းမှစတင်ကာ  ငပလီ ဂျိတ္တောလမ်းတစ်လျှောက်ရှိ လင်းသာကမ်းခြေတောင်တန်းနှင့် မြပြင် တောင်တန်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“ ကုန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လင်းသာနဲ့ မြပြင်ကို အေအေက ထိန်းထားပြီ။ ခမရ ၅၆၆နဲ့ ခလရ၅၅က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဂျိတ္တောဖက်ကိုဆုတ်တာ။ လင်းသာနဲ့ မြပြင်လမ်းအတိုင်း မသွားရဲလို့ တောင်တန်းတွေဖက်ကဆုတ်တာ ပိုဆိုးပေါ့။  အေအေက ကြားဖြတ်တိုက်တာ၊ အရင်က စစ်ကောင်စီအင်အားတွေကိုဖြည့်ထားတာလည်း အဲဒီဘက်မှာတိုက်ပွဲ တွေရှိခဲ့တယ်။ ဒီနေ့ကတော့ အေအေ ကြားဖြတ်တိုက်တာ စစ်ကောင်စီအကျအဆုံး ရှိတယ်ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့တပ်ဆုတ်ခွာလာသော စစ်ကောင်စီတပ်သားများသည် လေးဖွဲ့ခန့်ရှိပြီဖြစ်ပြီကာ ယခင် အဖွဲ့များသည် ဂျိတ္တောအထိရောက်ရှိသွားပြီး ထိုမှတဆင့် ကွင်းဝိုင်းရေတပ်ဖက်သို့ ဆုတ်ခွာသွားကြပြီ ဖြစ်သည်ဟုဆိုသည်။

ဇူလိုင် ၈ရက်နေ့ညပိုင်းက ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့တွင် အေအေက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် လင်းသာ‌ကျေးရွာ၊ မြပြင်ကျေးရွာများအပြင် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ရပ်ကွက်များကို လေကြောင်းက ဗုံးကြဲနေသလို  လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်အချို့နှင့် လင်းသာ၊ မြပြင် ကျေးရွာတို့ရှိ  လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်း ဒေသခံများကပြောသည်။

“ ဂျိတ္တောဘက်ကနေ ဆုတ်မယ့် လက်ကျန်စစ်ကောင်စီတပ်တွေကို လေကြောင်းနဲ့ လက်နက်ကြီး ကူနေတာ၊ လေယာဉ်မလာရင်အသေခံကြရတော့မယ်။ စစ်ကောင်စီတပ်တွေက နယ်မြေ မကျွမ်းတဲ့အခါ ပိုဆိုးပေါ့။ အေအေက ထိုးစစ်တအားလျင်တာ၊ သူတို့ဖြတ်ဆုတ်မယ့်နေရာတွေကို ရောက်နေပြီးသားပဲလေ။ အခု လင်းသာနဲ့ မြပြင်ဘက်မှာ တိုက်နေတဲ့အထဲမှာ ဧရာဝတီတိုင်းဖက် ကြံခင်းဖက်က တပ်တွေ ပါတာတွေ့ရတယ်။ ဒီရက်ပိုင်း မြို့ကိုရော ခလရ ၅၅ ကိုပါ အေအေ သိမ်းလိမ့်မယ်။ သံတွဲကို နိုင်ငံတော်အဆင့် သူတို့ခုခံခဲ့တာ ဒါပေမယ့်အေအေကိုမနိုင်တော့ဘူး” ဟု သံတွဲ့ဒေသခံနောက်တစ်ဦးမှပြောသည်

AA ၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)နဲ့ ခမရ (၅၆၆) မှ တပ်သားများသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ဖြင့် ခံစစ်ပြင်ဆင်ထားကြောင်းသိရ သည်။

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန်ခုခံနေသော်လည်း AA က အရှိန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်ကာ သံတွဲမြို့နယ် ငပလီမြို့ရှိ သံတွဲလေဆိပ်အနီး ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့သည်။

ခမရ ၅၆၆ တပ်ရင်းကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးပြီးနောက် သံတွဲလေဆိပ်၌ တပ်စွဲထားသော တပ်ရင်းများ မကျဆုံးရှုံးစေရေးအတွက် အင်အား ၄၀၀ ခန့်ဖြင့် ခုခံခဲ့သော်လည်း AA က သံတွဲ လေဆိပ်ကို ဇူလိုင်လ ၅ ရက် နံနက်ပိုင်းမှာ ထိန်းချုပ်သိမ်းပိုက်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး သံတွဲမြို့နယ်တွင် တစ်ခုတည်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၅၅ တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံရှင်းလင်းနေသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဆက်စပ် သတင်းများ