Preview

သံတွဲမြို့ ထဲရှိ စစ်ကောင်စီတပ်များ အဝိုင်းခံထားရ

ဇူလိုင် ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :4884
ရခိုင် သတင်း

(သံတွဲမြို့ ဝင်နေရာအချို့တွင် စစ်ကောင်စီတပ်က မိုင်းဗုံးများထောင်ထားပြီးမြို့ထဲ အသွားအလာ မလုပ်ကြရန် AA မှ ပန်ကြားထားဟုဆို)

လူထက်နိုင်(ဒွါရာမြီ)၊နိရဉ္စရာ၊ဇူလိုင် ၁၀/ ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ကို အာရက္ခတပ်တော်(AA) က ဝိုင်းထားပြီးမြို့ထဲတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများက အေအေဝင်ရောက်လာနိုင်သည့်  မြို့တွင်းနေရာအချို့တွင် မိုင်းဗုံးများထောင်ထားသဖြင့်ယခုရက်ပိုင်းအတွင်း မြို့ထဲတွင် အသွားအလာ မလုပ်ကြရန် အေအေက ပန်ကြား ထားသည်ဟု ဒေသခံများထံမှသိ၇သည်။

အာရက္ခတပ်တော်မှ သံတွဲမြို့ အဝင်အထွက်အား နေရာယူပိတ်ဆို့ထားပြီးနောက် စစ်ကောင်စီတပ်သား များသည် အံတော်တံတား၊အကျဉ်းထောင်ဝန်းကျင်နှင့် နံတော်တောင် အနီးရှိ တံတားပတ်ဝန်းကျင်တွင် မိုင်းဗုံးများထောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

“  စစ်တပ်က အကြပ်ရိုက်နေပြီ။ မြို့ထဲက ထွက်လို့မရတော့ဘူးပိတ်မိနေပြီ။အေအေက မနေ့က လူထုကို အသိပေးထားတယ်။  မြို့ထဲကို ဒီရက်ပိုင်းအတွင်းပြည်သူတွေ မသွားဖို့ပြောထားတယ်။မြို့ထဲမှာ မိုင်းတွေ ရှိလို့လား။ ဒါမှ မဟုတ်  မြို့ထဲဝင်ပြီး စစ်ကောင်စီလက်ကျန်တွေကို တိုက်ထုတ်မလို့လား။ အတိအကျ မသိဘူး ” ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် သံတွဲ အကျဉ်း ထောင်ပတ်လည်၊သာသနာ့ဗိမာန်နှင့် အံ့တော် တံတားတွင်နေရာယူထားသည်ဟု ၎င်းက ပြောဆိုသည်။

“ သံတွဲမြို့ နဲ့ ထိ စပ်တဲ့နေရာတွေမှာ အေအေတွေ ရှိနေတယ်။ အေအေကအခုမြို့ကို သိမ်းမယ်ဆို သိမ်းနိုင်မယ်ထင်တယ်။ စစ်တပ်က အခြေအနေမကောင်းဘူး။ထွက်ပြေးတဲ့သူတွေလည်း များနေသလို အေအေနဲ့ ရင်ဆိုင်တိုက်ရမှာလည်း စစ်သားတွေက မရဲဘူးဖြစ်နေတယ်လို့ကြားတယ်။ခလ၇ ၅၅ က စစ်သားတွေလည်း အကုန် ဂျိတ္တောဘက်ကို ဆုတ်တယ်လို့ ကြားတယ်”ဟု၎င်းက ဆက်ပြောသည်။

လက်ရှိ ဂျိတ္တောဘက်တွင် ဒိုင်းမွန်ဟိုတယ်လမ်းဆုံ၊ မဒေးတောင်တို့တွင်စစ်ကောင်စီတပ် တပ်စွဲနေသည်ဟု သိရှိရကြောင်း တစ်ခြား စစ်ရေးသတင်းများကို စောင့်ကြည့်နေသူသံတွဲ ဒေသခံ တစ်ဦးက  ပြောကြားသည်။

အာရက္ခတပ်တော်သည် သံတွဲမြို့ မှ ငပလီသို့အထွက်လမ်း၊ တောင်ကုတ်မြို့ဘက်သို့အထွက်လမ်းကို ပိတ်ဆို့ထားသည့် အပြင် သံတွဲ-ကင်းမော်ကားလမ်း မြို့ပြင်ထွက်ပေါက်ပါ ပိတ်ဆို့ထားသည်ဟု ၎င်းက ဆိုသည်။

အဆိုပါနေရာများအား စစ်ကောင်စီမှ ဗုံကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။

“ မြို့ပြင်က စစ်ကောင်စီတပ်သားတွေက ငပလီမြို့ရှောင်လမ်း၊ဂျိတ္တောဘက်၊ ပန်းချင်းပေါက်၊ မှိုဟင်းပြင်ဘက်တွေကိုပြေးကြပြီ။ အခုရက်ပိုင်း မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ ကြောက်နေပြီ။ဘယ်ပြေးလို့ပြေး ၇မှန်းမသိတော့ ထောင်ထဲကနေလက်နက်ကြီး ၃ချက်လောက်ပစ်ပြီး လှန့်နေတာ။ အေအေဝင်လာရင်ပြေးမှာ၊ ဒီရက်ပိုင်းလက်နက်ကြီး ပစ်တာတွေရှိတယ်။ဒီနေ့ မနက်ကတော့ လေယာဉ်ဝဲနေတယ်။မြို့ထဲကို အေအေဝင်တိုက်တော့မယ်။ အဲသလိုမျိုးလည်းကြားနေတယ်” ဟု ပြောသည်။

သံတွဲဒေသတိုက်ပွဲများအတွင်းစစ်ကောင်စီဘက်က အကျအဆုံးများနေသလို တပ်ထဲကနေ လက်နက်ယူပြီး ထွက်ပြေးသူများရှိနေသလိုလက်နက်မဲ့  ထွက်ပြေးသူများလည်း များပြားနေကြောင်းသိ၇သည်။

အာရက္ခတပ်တော်ကလည်း သံတွဲဒေသတိုက်ပွဲများအတွင်း  စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း (၄၀၀)ကျော်အားသိမ်းဆည်းရမိပြီး ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ဇူလိုင် ရရက်နေ့ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် မြေပြင်ကသာမက လေကြောင်းကပါ စစ်ကူ တိုက်ခိုက်နေသလိုငပလီကမ်းခြေရှိ ရေပြင်မှ ရေတပ်စစ်သင်္ဘော (၅) စီးမှလည်းဝင်ရောက် စစ်ကူ တိုက်ခိုက်နေသည်ဟု သိ၇သည်။

သံတွဲမြို့ မကျစေရန်  စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးများဖြင့်ပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေကြောင်းသိ၇သည်။

ပုံစာ-စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သောကြောင့် ပျက်စီးသွားသောနန်းချောင်းကျေးရွာမှာ နေအိမ်တချို့ကိုတွေ့၇စဉ်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.