တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

ရခိုင်ကမြို့အချို့တွင် ဖောက်ထွင်းခိုးယူမှု များလာနေ၍ ညမထွက်ရ ဒေသန္တရ အမိန့် ULA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၁၀/ ၂၀၂၄

ရခိုင်ပြည်မှ  မြို့အချို့တွင် ယခုနောက်ပိုင်း ဖောက်ထွင်းခိုးယူမှု များလာနေ၍ ညမထွက်ရ အမိန့်နှင့် ညအိပ်ဧည့်သည်များ ဧည့်စာရင်းတိုင်ကြားကြရန် အမိန့်ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)၏ မြို့အုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ မြို့မှာတော့ ဇူလိုင်လ ၆ ရက်က မြို့ကို လှည့်လည်ကြေညာခဲ့ပါတယ်။  မြို့နေလူထုအနေနဲ့  ည ၁၁ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ကြဖို့  ကြေညာခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ  မြို့ခံ တစ်ဦးက ပြောဆိုသည်။

ယင်းအပြင် မိမိတို့ရပ်ကွက်အတွင်း မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (သို့မဟုတ်) ရဲစခန်းသို့ တိုင်ကြားရန်၊ မိမိနေအိမ်သို့ မိသားစုဝင်မဟုတ်သော ညအိပ် ဧည့်သည်များ ရောက်ရှိပါက အချိန်မီ ဧည့်စာရင်းတိုင်ကြားရန်၊ ညအချိန် အ​ကြောင်း အမျိုးမျိုးကြောင့် အပြင်သို့သွားလိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့(သို့မဟုတ်)ရဲစခန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ အသိပေးအကြောင်းကြားပြီးမှ သွားလာကြရန်လည်း ထည့်သွင်းကြေညာခဲ့သည်ဟု ဆိုသည်။

“  ဒီစည်းကမ်းချက်တွေကို  ဖောက်ဖျက်ပြီး သွားလာနေထိုင်သူတွေကို တွေ့ရှိပါက တရားဥပဒေအရ ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမယ်လို့လည်း  ကြေညာ သွားခဲ့ပါတယ်”ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသအတွင်း အုပ်ချုပ်ရေးကောင်းမွန်စွာ မချနိုင်သည့် စပ်ကူးမတ်ကူးကြားကာလတွင် မသမာသူများက နေအိမ်များကို ဖောက်ထွင်း ခိုးယူမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုကြောင့် မြို့အတွင်း ခိုးမှုများ နည်းပါးသွားနိုင်သော်လည်း လုံးဝပပျောက်ကင်းစင်သွားရန် ဒေသအာဏာပိုင်များအနေဖြင့် မြို့များကို ညကင်း နေ့စဥ် လှည့်ပေးစေလိုသည်ဟု မြို့ခံတစ်ဦးက တောင်းဆိုသည်။

"အဓိကတော့ အာဏာပိုင်အဖွဲ့တွေက ညကင်းလှည့်ပေးဖို့ကောင်းတယ်။ အာရက္ခရဲ ရှိ တယ်လေ။ သူတို့က နှစ်ဖွဲ့သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း အဲလို မြို့ကို ပတ်ပြီးကင်းလှည့် ပေးရင်တော့ ပိုကောင်းမယ်လေ"ဟု နိရဥ္စရာကိုပြောသည်။

ယခုလ ၆ ရက်နေ့ ညဉ့်အချိန်ကလည်း တောင်ကုတ်မြို့မှ မမိချေဆန်ပွဲရုံ အဖောက်ခံရပြီး ဆန်အိတ်များပါသွားခဲ့သည်ဟု သိရသည်။

မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်ရှိ ငွေလွှဲငွေပြောင်းလုပ်ကိုင်သည့်အိမ်တစ်လုံးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်၊ ညဉ့်အချိန်က နေအိမ်အတွင်း အိမ်သူအိမ်သားများ အိပ်ပျော်နေစဥ် ငွေကျပ်သိန်း ၁၃၀ ခန့် အခိုးခံလိုက်ရကြောင်း သိရသည်။

အဆိုပါအိမ်နှင့် မလှမ်းမကမ်းရှိနေအိမ်တစ်လုံးတွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက သူခိုးဝင်ရောက်ခိုးယူခြင်းခံလိုက်ရသလို  တရုတ်တန်းရပ်ကွက်တွင်ပင် စျေးအနီးရှိ နောက်ထပ်နေအိမ် တစ်လုံးတွင်လည်း ပြီးခဲ့သည့်လက သူခိုးဝင်ရောက်ခိုးယူခြင်း ခံလိုက်ရသည်ဟု သိရသည်။

၎င်းအပြင် မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ သံတွဲနှင့် ရသေ့တောင်မြို့ပေါ်မှ နေအိမ်အချို့လည်း ဖောက်ထွင်း ခိုးယူခံနေရသည်ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည်နှစ်၊ နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေသည်ကို အကြောင်းပြပြီး စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးများကို ယခုထိ ပိတ်ထား၍ စားနပ်ရိက္ခာများပြတ်တောက်ကာ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိသည်။

ဒေသခံများတွင်လည်း စားဝတ်နေရေး အလွန်တရာခက်ခဲကျပ်တည်းလျက်ရှိနေကြ၍ ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပုံစာ- ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တစ်ခုမှ နေအိမ်တစ်လုံး ဖောက်ထွင်းခံထားရစဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!