တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၁၀/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် နယ်သို့ ကုန်ပစ္စည်းရောင်းချသည့် စွပ်စွဲချက်ဖြင့်  ကုန်စုံရှင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ အရာရှိရပ်ကွက် ‌ဒေါ်မထောင် အသက်(၄၀)နှစ်ဖြစ်သည်။

‌ဒေါ်မထောင် ကို ဇူလိုင် ၇ ရက်နေ့က မြို့မစျေးမှ စစ်ကောင်စီ၊ မယကထွေအုပ်နှင့် ရဲတို့က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့ဇူလိုင် ၁၀ ရက်နေ့အထိ မိသားစုနှင့်အဆက်အသွယ် မရရှိသေးကြောင်း ကျောက်ဖြူမြို့မှ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ စျေးရောင်းနေတုန်း ရဲတွေ၊ စရဖတွေ ထွေအုပ်တွေလာပြီးဖမ်းသွားတာ။ နယ်ကိုပစ္စည်း ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းသွားတာ။ ဖမ်းသွားတာ ၃ ရက် ၄ ရက်ရှိပြီဆိုတော့ အဆက်အသွယ်မရသေးလို့ စိတ်ပူနေကြတယ်။ ဖမ်းသွားတာက ရဲစခန်းကို။ ဒါပေမယ့် လက်ရှိအထိ ဘယ်မှာချုပ်ထားလဲ မသိရသေးဘူး” ဟုပြောသည်။

၄င်းအမျိုးသမီးမှာ ဥက္ကံနာမည်ဖြင့် ကုန်စုံဆိုင်ဖွင့်ထားပြီး အလှကုန်နှင့် လူအသုံးအဆောင် ပစ္စည်းများ ရောင်းချပြီး နယ်ဖက်သို့ ပစ္စည်းများပို့ဆောင်သဖြင့်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့ပေါ်မှ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။
“ သူက အလှကုန်ပစ္စည်းတွေ၊ မိုးကာအင်္ကျီတွေကအစ လက်နှိပ်ဓာတ်မီး၊ နဖူးစည်းဓာတ်မီး၊ စာအုပ်စာတမ်း တွေကအစ ရောင်းတယ်။ သူက နယ်ဖက်တွေကိုလည်း ပို့တယ်ဆိုပြီး သတင်းအရ ဖမ်းတယ်လို့ သိရတယ်။ နယ်ဖက်တွေကို မပို့ဖို့ စစ်ကောင်စီက တားမြစ်ထားတယ်လေ။ နယ်ရွာတွေကို ဆေးလိပ် တစ်လိပ်က အစ မပို့ရတာ။ အကုန်ဖမ်းတယ်။ စားကုန်သောက်ကုန်တွေကအစသိမ်းတယ်” ဟုပြောသည်။၏

ကျောက်ဖြူမြို့ပေါ်မှ စားသောက်ကုန်၊ လူသုံးကုန်နှင့် အသုံးအဆောင်များ အပါအဝင် ပစ္စည်း တခုမကျန်ကို နယ်ဖက်သို့ လုံးဝ ပို့ဆောင်ခွင့်မပြုဟု စစ်ကောင်စီမှ ပိတ်ပင်ထားပြီး တွေ့ရှိပါက ကုန်ပစ္စည်းများအားလုံးကို သိမ်းဆည်းကာ လူကိုပါဖမ်းဆီးထားမှုများရှိနေကြောင်း မြို့ခံများက ပြောသည်။

ယင်းအပြင်  ကျောက်ဖြူမှ စျေးရောင်းသူများ မှာယူထားသည့် ရန်ကုန်မှ ကုန်ပစ္စည်းများကိုလည်း လေဆိပ်သို့အရောက်တွင် မယကရုံးမှ သိမ်းဆည်းထားပြီး နယ်ဖက်သို့ ပစ္စည်းလုံးဝရောင်းမချရန်နှင့် မြို့ပေါ်တွင်သာရောင်းချရန် မယကရုံးတွင် ခံဝန်လက်မှတ်ထိုးပြီးမှ ပစ္စည်းများကို ထုတ်ခွင့်/ရောင်းချခွင့် ပေးကြောင်း စျေးသည်များကပြောသည်။

စစ်ကောင်စီသည် ကျောက်ဖြူဒေသခံများကို နယ်ဖက်သို့ ကုန်ပစ္စည်းပို့ခွင့် ပိတ်ပင်ထားသည့်အပြင် ငါးဖမ်းထွက်သည့် စက်လှေသမားများထံမှ ငါးဖမ်း ပိုက်များကိုပါ မတရားသိမ်းဆည်းပြီး ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းသည့် ဖြစ်စဥ်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။ (ဓာတ်ပုံ- ကျောက်ဖြူမြို့/ KMK)

ဆက်စပ် သတင်းများ