တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မောင်တောမြို့ဆင်ခြေဖုံးရပ်ကွက် ရွှေဇားနှင့် အောင်ဗလအနီး တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

(မောင်တောမြို့အား တစ်ရက်တည်း၌ စစ်ကောင်စီက လေကြောင်းမှ ၄ ကြိမ် ဗုံးချ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇူလိုင် ၁၁ ရက်/၂၀၂၄

အာရက္ခတပ်တော်(AA) ၏ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး မနေ့ညနေကစပြီး မောင်တောမြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်ကြသည့် ရွှေဇားနှင့် အောင်ဗလရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု သိရသည်။ 

မောင်တောဒေသခံတစ်ဦးက" မနေ့က ညနေမှာ မြို့နဲ့အနီးဆုံး အောင်ဗလကျေးရွာ နဲ့ ရွှေဇားတံတားကင်းစခန်းကြား မှာ စစ်ကောင်စီတပ်နဲ့ အေအေ တို့ တိုက်ပွဲဖြစ်နေကြတယ်။ အေအေ တပ်တော်က ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်နေကြတယ်။ စစ်ကောင်စီဖက်ကလည်း လေယာဉ်အပါအဝင် မြေပြင်တပ်တွေနဲ့  အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်"လို့  နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၁၀ ရက် ယမန်နေ့ ည ၆ နာရီ ၃၀ ခန့်က ရွှေဇားတံတားကင်းစခန်းဖက်မှ သေနတ်သံများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်သားများတင် ဆောင်ထားသည့်  တေကာကားတစ်စီး‌သည် ရွှေဇားဘက်သို့ စစ်ကူလိုက်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

"တေကားတစ်စီးနဲ့ စစ်သားတွေ စစ်ကူလိုက်သွားတာတောတွေ့တယ်။ သေနတ်သံတွေ၊ ဗုံးချသံတွေ ကြားနေရတယ်။ တိုက်ပွဲကမြို့ထဲနဲ့အနီးဆုံးကို ရောက်လာတယ်လို့ပြောလို့ရတယ်"လို့ပြောဆိုသည်။

အာရက္ခတပ်တော်အေအေ ထိုးစစ်မှာ ရွှေဇားရှိ အောင်ဗလကျေးရွာအနီးထိ ရောက်ရှိလာတဲ့ အတွက် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာပြီး အထိအခိုက်များမည်ကို စိုးရိမ်နေကြသည်ဟု မွတ်ဆလင်တစ်ဦးက ပြောသည်။

“ ဇူလိုင်လ ၁၀ရက်နေ့ မနက် ၄:၃၀ ခန့်အချိန်က စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က AA နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရွှေဇားရွာ အနီးပတ်ဝန်းကျင်က နေရာတွေကို ဗုံးကြဲချတယ်ပါတယ်။ ဗုံးရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားကြောင့် တစ်မြို့လုံး တုန်ခါသွားတယ်လို့တောင် ပြောဆိုလို့ ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာ (၃)နေရာခန့်မှာ ဖျက်အားပြင်း ဗုံးတွေ စစ်ကောင်စီလေတပ်က ကြဲချသွားတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မောင်တောမြို့နှင့် အနီးဝန်းကျင်ကျေးရွာများက မွတ်ဆလင် ဒေသခံများသည် စစ်တပ်ကို အားကိုး၍ မောင်တောမြို့ပေါ်တွင်  ခိုလှုံရန် ထွက်ပြေးရောက်ရှိနေကြရာ ယခု မြို့ပတ်ပတ်လည်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ထွက်ပေါက်မရှိလဲ ပိတ်မိနေသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်များအား အေအေ ထိုးစစ်ဆင်တိုက် ခိုက်နေသည့်‌ မောင်တောမြို့အား ဇူလိုင်လ ၁၀ ရက် တစ်ရက်တည်း၌ စစ်ကောင်စီလေကြောင်းမှ လေးကြိမ်အထိ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။ 

ဇူလိုင်လ ၁၀ ရက် ယနေ့ မနက်အာရုံ ၄ နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီမှ ဂက်တိုက်လေယာဉ်ဖြင့် တစ်ကြိမ်၊ မနက် ၆ နာရီကျော်ခန့်၌ Y12 ဗုံးကြဲ‌လေယာဉ်ဖြင့်တစ်ကြိမ်၊မနက် ၉ နာရီတွင် နောက်ထပ် Y12 ဗုံးကြဲ‌လေယာဉ်ဖြင့်တစ်ကြိမ်၊ ညနေ ၄ နာရီ၁၅ မိနစ်၌ ဂျက်တိုက်လေယာဉ်ဖြင့်တစ်ကြိမ် စုစုပေါင်းလေကြောင်းတိုက်ခိုက်မူ လေးကြိမ်အထိ ဗုံးလာကြဲချခဲ့‌ကြတာလည်းဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော်အေအေ မှ မောင်တောမြို့ရှိစစ်ကောင်စီတပ်သားများအား ဝိုင်ရံပိတ်ဆို့ တိုက်ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်း အပါအဝင်  နေဗီများကပါ စစ်ကူဝင်ရောက် တိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ် သတင်းများ