တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြို့ထဲထိ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲလာ၍ ဆေးရုံအုပ်အပါအဝင် ဝန်ထမ်းအားလုံး သံတွဲဆေးရုံအား စွန့်ခွာထွက်ပြေးသွားကြရပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၁/၂၀၂၄

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် သံတွဲမြို့တွင် လက်နက်ကြီးကျည်များ မြို့ထဲအထိ ကျရောက် ပေါက်ကွဲ၍ လူထိခိုက်ဒဏ်ရာရရှိမှုများ ရှိလာပြီးနောက် သံတွဲဆေးရုံအုပ်အပါအဝင် ဆေးရုံ ဝန်ထမ်းများ အားလုံးသည် သံတွဲဆေးရုံကို စွန့်ခွာထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း ဒေသခံများ တဆင့် သိရှိရသည်။

သံတွဲမြို့နယ်မှ အမျိုးသားတစ်ဦးက " ဇူလိုင် ၁၀ ရက် မနေ့က ဆေးရုံကိုသော့ခတ်ပြီး ထွက်ပြေး သွားကြပြီ။ ဒီမနက်လည်း  ဝန်ထမ်းတွေမလာတော့ဘူး။ သူတို့ထွက်ပြေးတာက ဘေးကင်းမဲ့ နေရာတွေကို ထွက်ပြေးသွားကြတာလို့ကြားရတယ် " ဟု နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က သံတွဲမြို့ဝင်ရှိ စစ်ကောင်စီ အခြေချထားသည့်  စာနီတောင်အနီးရှိ သူခိုးစမ်းလက်နက်ကြီး စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ပင်ဈေး၊ ဒွါရာဝတီ မြို့သစ်ရပ်ကွက်နှင့် ဆေးရုံပတ်ဝန်းကျင်ကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် အမျိုးသမီး တစ်ဦး အပါအဝင်  လင်မယားနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

၎င်းနောက်ပိုင်း ဆေးရုံတာဝန်ရှိသူများ ဆေးရုံကို စွန့်ခွာသွားခဲ့ကြသည်ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" အခုနောက်ပိုင်း စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီး ကျည်တွေက မြို့ပေါ်ရပ်ကွက်တွေကိုကျလို့ လူတွေ ထိခိုက်သေဆုံးတာတွေရှိလာတယ်။ ဆေးရုံလည်း မြို့ထဲမှာရှိတာဆိုတော့ စိုးရိမ်စရာ ဖြစ်လာပါတယ်။  အခုတော့​အကုန်တိမ်းရှောင် သွားကြတာ။ လူနာတချို့ကလည်း ဆေးရုံမှာ ဒီအတိုင်းကျန်ခဲ့တယ်" ဟုပြောသည်။

ဆေးရုံအုပ်နှင့်ဝန်ထမ်းများထွက်ပြေးသွားသည့်အတွက် ဆေးရုံတွင်ကျန်ခဲ့သည့် အရေးပေါ် လူနာများ အပါအဝင် လူနာအများအပြားသည် ဆေးကုသပေးမည့်သူ မရှိသဖြင့်  ဒုက္ခ ရောက်နေကြရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

" အခုလူနာတွေလည်း ဒုက္ခရောက်နေကြတယ်။ ဒဏ်ရာရလူနာတွေကိုလည်း ဆေးထည့်ပေးမယ့် သူမရှိတော့ဘူး။ တခြားလူနာတွေလည်း ဆရာဝန်တွေမရှိတော့ ဒုက္ခရောက်နေကြရပါတယ်" ဟုပြောသည်။

ထိုကဲ့သို့ ဆေးရုံအုပ်ကြီးအပါအဝင် ဆေးရုံဝန်ထမ်းများ ဆေးရုံကိုစွန့်ခွာသွားကြသည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် သံတွဲဆေးရုံသို့ ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။

သံတွဲတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲမျာကြောင့် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ရေတပ် နေဗီများက နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများမှာ နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရကာ သေဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

ဇူလိုင် ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး  သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာအုပ်စု၊ ကျောက်ဆိတ် ကျေးရွာက ဒေါ်စန်းစန်းအေး (၃၅) နှစ်နှင့်  စက်လှေ လုပ်သား အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ရွာသား ၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

သံတွဲအခြေစိုက် ခမရ(၅၆၆)နှင့် မဇင်လေဆိပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး လက်ရှိတွင် စစ်ကောင်စီမှ သံတွဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားသည့် အကျဉ်းထောင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ