Preview

သံတွဲ ခလ၇ (၅၅) တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းအား AA အပြီးသတ်သိမ်းပိုက်

ဇူလိုင် ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :2940
ရခိုင် သတင်း

နိရဉ္စရာ၊ဇူလိုင် ၁၁/ ၂၀၂၄

သံတွဲမြို့ ငပလီမြို့ အခြေစိုက် ခလ၇ (၅၅) တပ်ရင်း နှင့် မောင်တောမြို့မကျည်းချောင်း စခန်းအား အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော်သတင်းပြန်ကြားရေးမှ ယနေ့ သတင်းထုတ်ပြန်သည်။

ယခုရက်များ၌အဓိကတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း (၂) ခုကိုထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိ၇သည်။

(သံတွဲတိုက်ပွဲသတင်းနှင့်ခလ၇ (၅၅) သိမ်းပိုက်မှု)

သတင်း ထုတ်ပြန်ချက်အထဲတွင်“ သံတွဲမြို့နယ်အတွင်း၌စစ်ကောင်စီ၏ သံတွဲအခြေစိုက် တပ်ရင်းများထဲမှလက်ကျန်စခန်းတစ်ခုဖြစ်သော ခလ၇ (၅၅) တပ်ရင်းအား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အဆိုပါတပ်ရင်းအား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်”ဟု ဖော်ပြသည်။ 

၎င်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိ၇သည်။

သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမ၇(၅၆၆) အား ဇွန်လ (၂ရ) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင်အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊စစ်ကူလာပေးသော ရန်သူများ နှင့် သံတွဲမြို့ထဲမှ လက်ကျန် ရန်သူများသည် သံတွဲမြို့နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့်သံတွဲမြို့တစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကိုဆက်လက်ဆင်နွှဲ၇အုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။



(မောင်တောတိုက်ပွဲနှင့် မကျည်းချောင်းစခန်းသိမ်းပိုက် ရရှိမှု)

မောင်တော မြို့အဝင် မြို့သူကြီးရပ်ကွက် အခြေစိုက်  နခခ (၅) ၏အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း)နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၉) နာရီ (၀၄)မိနစ်တွင် သိမ်းပိုက် ရရှိခဲ့သည်ဟုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သကဲ့သို့ သုံ့ပန်းအချို့ကိုလက်ရဖမ်းဆီး၇မိခဲ့သည်။

အဆိုပါ မကျည်းချောင်း စခန်းတွင် ရန်သူ၏စစ်တွေ၊ ဒကစ လက်အောက်ခံ ခလ၇ (၂၆၃) တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများပါဝင်သည်။

ရန်သူအချို့ (ခန့်မှန်း ၃၀ ဦးခန့်) သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့်ထွက်ပြေးသွားသည်ကိုတွေ့ရှိ၇သည်။

မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော်မှ  ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ  စစ်ကောင်စီဘက်မှလည်းမောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ခုခံစစ်စခန်းများသဖွယ် ပြင်ဆင်ပြီးခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိနေကြောင်း ဖော်ပြသည်။

တစ်ပြိုင်နက်တည်းတွင် မိမိတို့မှလည်းမောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကိုဆက်လက်ပြုလုပ်လျက်ရှိသည်။



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.