တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မောင်တော အောင်ဗလရခိုင်ရွာကို စစ်ကောင်စီတပ်နှင့် မွတ်ဆလင်လက်နက်ကိုင်များ ဝင်ရောက်မီးရှို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

အေးမြတ်ခိုင်၊ နိရဉ္စရာ၊  ဇူလိုင် ၁၂/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလ(ရခိုင်) ရွာမှ နေအိမ်အချို့ကို နခခ (၅) မှ စစ်ကောင်စီ တပ်သားများနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များက  ဝင်ရောက် မီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မီးရှို့ခံရခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“ရွာကို နခခ ၅ က စစ်သားတွေ နဲ့ မွတ်ဆလင်စစ်သား တစ်ရာလောက် မနေ့က နံနက်  ၁၀ နာရီ ကျော်လောက်က ဝင်လာပြီး ရွာပတ်လည်မှာ တပ်ဖြန့်ထားပြီး နေ့လယ်  ၁၂ နာရီလောက်မှာ မီးရှို့တယ်။ သူတို့ ဝင်လာတယ်ကြားတော့ ရွာသားတွေလည်း အကုန်ပြေးကြတယ်။ ရခိုင်အိမ်ကို အရင်တိုက်တယ်။ ပြီးမှ ဟိန္ဒူအိမ်ကို မီးရှို့တယ်။ ဟိန္ဒူလူမျိုး ဘာဒိုလ်းအိမ်နဲ့ အိမ် ၃ ဆောင် မီးလောင် နေတာကိုတော့ မြင်ခဲ့ရတယ်” ဟု ပြောသည်။

ရွာထဲကို စစ်ကောင်စီတပ်သားများဝင် ရောက်လာသည့် အတွက် ရွာသားများအားလုံး ထွက်ပြေး ကြပြီးနောက် နေအိမ်များကို   မီးရှို့ကြခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

ထွက်ပြေးလာချိန်တွင် ရခိုင်နှင့် ဟိန္ဒူဘာသာဝင် ဒေသခံတို့၏ နေအိမ် ၃ လုံး မီးလောင်နေသည်ကို နောက်ဆုံး တွေ့ မြင်ခဲ့ရကြောင်း ဟိန္ဒူလူမျိုး တစ်ဦးကလည်း ပြောသည်။

ဇူလိုင် ၁၀ ရက် ညနေကတည်းက မောင်တောမြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်ကြသည့် ရွှေဇားနှင့် အောင်ဗလရွာ အနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွါးခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၁၁ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီ နှင့် မွတ်ဆလင်စစ်သားများက ရွာထဲကို ဝင်ရောက်နေရာယူကာ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်( AA) မှ မောင်တောမြို့သိမ်းတိုက်ပွဲကို အပြင်းအထန် ဆင်နွှဲနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တော၊ နခခ (၅) ရဲ့ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သည့် မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၉) နာရီ (၀၄) မိနစ်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။  

၎င်းတိုက်ပွဲအတွင်းက  ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့သကဲ့သို့  သုံ့ပန်းအချို့ကို လက်ရဖမ်းဆီးရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌  ဖော်ပြထားသည်။  

မောင်တောဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သည့်   နခခ (၅) မြို့သူကြီးစခန်းကို  အာရက္ခတပ်တော်မှ  ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ  စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေပြီး  ခုခံစစ်ဆင်နွှဲရန်  ပြင်ဆင်လျက်ရှိနေသည်ဟု သတင်းတွင် ဖော်ပြသည်။

တစ်ပြိုင်နက်တည်းမှာ အာရက္ခတပ်တော်ဟာ မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တော တစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ-အောင်ဗလရခိုင်ရွာမီးလောင်နေသည်ကိုတွေ့ရစဉ်/ ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ