တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မင်းပြားတွင် မိုင်းနင်းမိ၍ လူငယ်တစ်ဦးခြေထောက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 850

သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၄

ရခိုင်ပြည်၊မင်းပြားမြို့၊ စစ်ကောင်စီတပ်ရင်း ခမရ(၃၇၉)အနီးတွင် မြေမြှုပ်မိုင်းနင်းမိ၍ လူငယ်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

၎င်းသူမှာ မင်းပြားမြို့၊အောင်သာယာရပ်ကွက်မှ ကိုအောင်သာချေ အသက်(၂၂)နှစ်ဖြစ်သည်။

၎င်းသည် ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့နံနက်ပိုင်းက ယခင် စစ်ကောင်စီတပ်ရင်း ခမရ (၃၇၉) အနီးကိုသွားပြီး မျှစ်သွားချိုးစဉ် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု မင်းပြားဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"  မိုးရာသီဆို‌ တော့ မျှစ်တွေဘာတွေ ခူးကြတာရှိတယ်။အဓိက ဝမ်းရေးအတွက်ပေါ့ဗျာ။ မိုင်းထောင်ထားတဲ့နေရာတွေကိုလည်း မသိတော့ သွားမိတော့ ဒီလိုခံရတာပါ။ အမှန်ဆို စစ်ကောင်စီ နေထိုင်ခဲ့တဲ့ နေရာတွေကို မိုင်းမရှင်းရသရွေ့ မသွားသင့်ပါဘူး" ဟုပြောသည်။

ကိုအောင်သာချေတွင် ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားပြီး ညာဖက်ခြေထောက်နှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာပြင်းထန်သွာရရှိသွားပြီး နီးစပ်ရာတွင်ဆေးကုသမှုပေးနေရကြောင်း သိရသည်။

မင်းပြားမြို့မှ လူမူရေးကူညီ‌ ပေးသူတစ်ဦးက " ဘယ်ဖက်ခြေထောက်ပြတ်ပြီး။ညာဖက်ခြေထောက်နဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာဒဏ်ရာရသွားတယ်။ စားဝတ်နေရေးရှာဖွေရင်း မိုင်းထိလူနာတွေများလာတယ်။ သူ့အတွက် အကူအညီပေးကြဖို့တိုက်တွန်းချင်ပါတယ်။ တခြားတစ်ဖက်မှာလည်း  လူထုကို မိုင်းအသိပညာပေးဖို့လိုအပ်နေပါတယ်" ဟု နိရဉ္စရာ သတင်းဌာန ကိုပြောသည်

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် ထင်းခွေ၊ဟင်းရှာရာမှ မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ပွဲ ချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ကိုမောင်ဆန်းသိန်း အသက်(၂၆)နှစ်ဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းအများအပြားရှိနေသဖြင့် ဒေသအတွင်းတွင် မိုင်း အသိပညာပေးမှုများ လုပ်ဆောင်ပေးရန်လိုအပ်ပြီး မသွားသင့်သည့် နေရာများသို့ တင်းတင်းကြပ်ကြပ် တားမြစ်သင့်သည်ဟု လူမှုရေးလှုပ်ရှားသူများက ပြောသည်။ 

ဆက်စပ် သတင်းများ