ကြာသပတေး၊ သြဂုတ်လ ၂၉ရက်၊ ၂၀၂၄

သံတွဲထောင်လက်နက်ကြီးကျည်ထိမှန်၊ အကျဉ်းသား တချို့ကို လွှတ်ပေးပြီး တပ်ဆုတ်ရန်ပြင်ဆင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

လူထက်နိုင်( ဒွါရာမြီ)၊နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၄

အာရက္ခတပ်တော် ( AA)က ထိုးစစ်ဆင် တိုက်ခိုက်နေသော ရခိုင်ပြည်၊ သံတွဲမြို့  အကျဉ်းထောင်တွင် လက်နက်ကြီးကျည် ထိမှန်ပြီးနောက် အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးကာ ထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်လည်း တပ်ဆုတ်ရန်ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

အကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦး “ထောင်ထဲကို လက်နက်ကြီးတစ်လုံးကျတယ်။ ဘယ်ဖက်က ပစ်တာလို့ ကျွန်တော်မပြောဘူးနော်။ ထောင်ထဲ အော်ဟစ် ဆူညံသံတွေကြားပြီး မကြာဘူး တချို့ကိုလွတ်ပေးလိုက်တာ။  စစ်ကောင်စီလည်းထောင်ကနေ တပ်ဆုတ်ဖို့ပြင်နေပြီ။ ထောင်သားတွေ အကုန်လွတ်တာ မဟုတ်သေးဘူး။ နိုင်ငံရေး အကျဉ်းသားလား ဘာလား။  ကျွန်တော်ပြောလို့မရဘူး” ဟု နရဉ္စရာကို ပြောသည်။

စစ်ကောင်စီတပ်အထိုင်ချထားသည့် သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့ အပါအဝင် အကျဉ်းသားအချို့သည် ဇူလိုင် ၁၂ရက်နေညပိုင်းတွင်း ပြန်လွတ်လာကြောင်း ဒေသခံတစ်ချို့ထံမှ သိရသည်။

ဒေသခံ တစ်ဦးက“ ဒီကနေ့  မွန်းလွန်ပိုင်းမှာ သံတွဲအကျဉ်းထောင်အတွင်းကို  လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ထောင်သားတွေ အကြား ၀ရုန်းသုန်းကားဖြစ်ပြီး ဆူညံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ထောင်ဝန်ထမ်းတွေလည်း စိုးရိမ်စရာဖြစ်လာပါတယ်။   နောက်ပိုင်းမှာတော့ ထောင်သားတချို့ လွတ်မြောက်လာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီတပ်သားများ နေရာယူထားပြီး လက်နက်ကြီး အထိုင်ချကာ ဗျူဟာမှူးတစ်ဦး ကွပ်ကဲနေသော်လည်း အခိုင်အမာတည်ဆောက်ထားသည့် စခန်းမဟုတ်သဖြင့်  အေအေ တိုက်ခိုက်လာပါက ခုခံကာကွယ်နိုင်မည် မဟုတ်၍ တပ်ဆုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဒေသတွင်း စစ်ရေးလေ့လာနေသူ တစ်ဦးကလည်း သုံးသပ်ပြောကြားသည်။ 

“ ခမရ ၅၆၆ တို့လို့ ခလရ (၅၅) တို့လို စနစ်တကျ အခိုင်အမာတည်ဆောက်ထားတဲ့ တပ်ရင်းတွေတောင် အေအေက သိမ်းပိုက်သွားနိုင်တယ်ဆိုတော့ သံတွဲထောင်လို ဘာမှ အသေအချာ မပြင်ထားတဲ့ စခန်းတွေဆိုရင် ချက်ချင်း ကျသွားနိုင်တယ်။ ဒါကြောင့် သူတို့ နောက်ဆုတ်ဖို့ ပြင်နေပုံရတယ်”ဟု ပြောကြားသည်။

အာရက္ခတပ်တော် သိမ်းပိုက်သွားသည့် ခလရ (၅၅) တပ်ရင်းသည် ရခိုင်ပြည်၌ အရှည်ကြာဆုံး တည်ရှိနေသည့် တပ်ရင်း တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ အခိုင်အခန့်တည်ဆောက်ထားသည့် တပ်ရင်းဖြစ်သည်။  မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်တွင် တပ်ရင်း ၃ ရင်း အခြေစိုက်ရာ ခလရ (၅၅) သံတွဲကို စစ်တွေ ခလရ (၂၀)နှင့်  ကျောက်ဖြူ ခလရ (၃၄) တို့ အတူ အခြေစိုက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အခိုင်အမာ တည်ဆောက်ထားသည့် သံတွဲ ငပလီမြို့တွင် အခြေစိုက်ထားသည့် ခလရ (၅၅) ကျပြီးနောက် သံတွဲမြို့ကို အချိန်မရွေး အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်နိုင်ပြီး တိုက်ခိုက်ပါကလည်း သံတွဲထောင်မှာ အခိုင်အခန့် တည်ဆောက်ထားသော ခြေကုတ်စခန်း မဟုတ်၍ အချိန်တိုအတွင်း ကျသွားနိုင်သည်ဟု ၎င်းစစ်ရေးလေ့လာသုံးသပ်သူက ပြောကြားသည်။  

ထိုသို့ အခြေအနေဖြစ်ပေါ်နေသဖြင့် သံတွဲထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများ၏ လုံခြုံရေးမှာ စိုးရိမ်စရာ အခြေအနေဖြစ်နေသည်ဟုလည်း ၎င်းက ပြောဆိုသည်။

“ သံတွဲအကျဉ်းထောင်မှာ အကျဉ်းသားတွေတချို့ ကျန် ရှိနေပါသေးတယ်။  အစားအသောက်နဲ့ ဆေးဝါးတွေကို ပို့လို့ မရသလို ထောင်ဝင်စာ ပို့ခွင့်မရတာလည်း  လနဲ့ ချီကြာမြင့်နေပါပြီ။ လက်ရှိ  စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေလည်း ထောင်အတွင်း ခိုလှုံနေကြတော့ တိုက်ပွဲဖြစ်လာရင် ထောင်သားတွေအတွက် အထူးစိုးရိမ်စရာ ဖြစ်နေပါတယ်”ဟု ထောင်ကျနေသည့် မိသားစုဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဇွန်လအတွင်း သံတွဲအကျဉ်းထောင်အတွင်း လက်နက်ကြီးနှင့်အတူ ခံတပ်သဖွယ် ပြုလုပ်ကာ ထောင်ကို အကာအကွယ်ယူအထိုင်ချပြီး ဇူလိုင် ၇ ရက်မှစတင်ကာ ထောင်အတွင်းမှ လက်နက်ကြီး ပစ်ခတ် မှုများပြုလုပ်ခဲ့သည်။

သံတွဲရှိ စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော်(အေအေ)၏ အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ခံနေရပြီး၊ ဇွန်လအတွင်း မဇင်လေဆိပ်ကို လည်းကောင်း၊ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ ကိုလည်းကောင်း ဆုံးရှုံးထားကာ တပ်သားများ ကစဉ့်ကလျားထွက်ပြေးနေကြရသည်။

သံတွဲမြို့နှင့်အနီးတဝိုက်ကိုလည်းစစ်ကောင်စီမှ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေပြီး သာသနိက အဆောက်အဦများ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိနေပြီး၊ အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ မြင့်တက်နေကြောင်းသိရသည်။

ဆက်စပ် သတင်းများ