Preview

ရမ်းဗြဲနှင့် မာန်အောင်မှ ကုန်တင်စက်လှေ ၅ စီးနှင့်အတူ ၇ခိုင်နှင့် မွတ်ဆလင်ကုန်သည် ၂၅ ဦးခန့် အဖမ်းခံထားရ

ဇူလိုင် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :2989
ရခိုင် သတင်း

(ဖမ်းဆီးထားသည်မှာ နှစ်ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ် မရရှိသေး)

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၁၂/၂၀၂၄

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် မာန်အောင်မြို့နယ်မှ ၇ခိုင်နှင့်မွတ်ဆလင်ကုန်သည် ၂၅ ဦးခန့်ကိုကုန်တင်စက်လှေ ၅ စီးနှင့်အတူ ဇွန်လ နောက်ဆုံးအပတ်က စစ်ကောင်စီ ရေယာဉ်တစ်စီးက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီထံ ဖမ်းဆီးခံထားရသည်မှာ နှစ်ပတ်ခန့်ကြာမြင့်လာသော်လည်း လွတ်မြောက်လာခြင်းမရှိသေးသလို မိသားစုနှင့်လည်း အဆက်အသွယ် မရှိသေးဟု သတင်းရရှိသည်။

ကုန်သည်တစ်ဦးက "ကျောက်နီမော်က ၄ စီးက မွတ်ဆလင်တွေပါ။ မာန်အောင်က ၁ စီးက ရခိုင်တွေပါ။ လူတွေကတော့ လွတ်လာတာမရှိသေးဘူး" ဟုနိရဉ္စရာကို ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်က ဧရာ၀တီတိုင်းမှ လူသုံးကုန်ပစ္စည်းများကို စက်လှေများဖြင့် တင်ဆောင်၍ပြန်လာစဉ် မာန်အောင်မြို့နယ်၊ ရဲကျွန်း၊ တိုက်ကျွန်းနှင့် မကျည်းကျွန်းကြားတွင် စစ်ကောင်စီနေဗီတစ်စီးက ဖမ်းဆီးခဲ့သည်ဟု၎င်းက ပြောကြားသည်။

ဖမ်းဆီးခံထား၇သူများကို ကျောက်ဖြူအကျဥ်းထောင်တွင် ထိန်းသိမ်းထားပြီး စက်လှေ ၅ စီးကိုမူ မာန်အောင်မြို့တွင် သိမ်းဆည်းထားသည်ဟု ဆိုသည်။

ကုန်ပစ္စည်းများကိုလည်း မာန်အောင်ဘက်တွင် စစ်ကောင်စီက လေလံတင်ရောင်းချနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 

"ကိုယ့်ဒေသမှာ ကုန်စည်စီးဆင်းမှုတွေက အဆင်မပြေတော့ ဒီလိုကုန်သည်အလုပ်လုပ်ရတာလည်း အသက်ကိုစွန့်ပြီးတော့ လုပ်နေရတာပါပဲ။ ဒီလိုလုပ်မယ့်သူ မရှိပြန်တော့လည်း ဒေသမှာ ကုန်စည်တွေပိုဈေးကြီးလာမယ်။ ရှားလာမယ်။ ကုန်တစ်ခေါက်သွားမယ်ဆိုလည်း သိန်းကိုထောင်ချီပြီးရင်းနှီးရပါတယ်။ အခုတော့ ကုန်လည်းရှုံး၊ လူလည်း ဒုက္ခဖြစ်နေကြရပြီ" ဟုပြောသည်။

ယခုဖမ်းဆီးခံထား၇သည့်စက်လှေတန်ဖိုးနှင့်ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ တစ်စီးလျှင် ပျဥ်းမျှအားဖြင့် ကျပ်သိန်း ၄၊၅ ထောင်ခန့်ရှိနိုင်သည်ဟုလည်း သိရသည်။

မာန်အောင်မြို့ခံတစ်ဦးက "ဒီလိုတွေဖမ်းလိုက်တော့ ကုန်ပစ္စည်းတွေကပိုဈေးကြီးလာတာပေါ့။ ပိုက်ဆံရှိတဲ့သူတွေ၊ ခရိုနီတွေကို စစ်ကောင်စီက မဲဖောက်ပြီးလေလံတင်တယ်။ စစ်ကောင်စီနဲ့ လက်တို့စနစ်နဲ့လည်း အဲ့ဒီပစ္စည်းတွေကို ယူကြတာပေါ့" ဟုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကပင် ရခိုင်ပြည်မှ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး မပြုလုပ်နိုင်အောင် ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး အပြစ်မဲ့ ရခိုင်ပြည်သူများအား အတိဒုက္ခရောက်ကာ အငတ်ဘေး ကျရောက်အောင် အစီအစဉ်ရှိရှိ ပိတ်ဆို့ဆောင်ရွက်ထားသည်။

ထို့ကြောင့် ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ နှင့် ကျောက်ဖြူဘက်တို့မှ ကုန်သည်တို့သည် ဧရာ၀တီဘက်သို့ အရဲစွန့်ကာ စားသောက်ကုန်ပစ္စည်းများတင်ဆောင်ရန် သွားကြရသည်။

သို့သော်လည်း ယခုလို ကုန်တင်စက်လှေများဖမ်းဆီးခံနေရသည့်အတွက် စားနပ်ရိက္ခာများ ရှားပါးလာသည့်အပြင် အဆမတန်ဈေးကြီးပေးကာ ဝယ်ယူနေရပြီး တချို့သော စားသောက်ကုန်နှင့် ဆေးဝါးများမှာလည်း ပြတ်လပ်နေသည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။

"အခုလို စက်လှေတွေနဲ့ ကုန်တင်ကြတော့လည်း စစ်ကောင်စီကို ပိုက်ဆံပေးပြီးသွားရတာ။ ဒါတောင် စက်လှေတွေ အဖမ်းခံထားရတယ်လို့ကြားတယ်။ အရင်က ပိုက်ဆံ ၃၀၀၀ တန်ပစ္စည်းတစ်ခုကို ၁ သောင်းကျော်လောက်ပေးပြီးဝယ်ရတယ်။ ပြီးရင် ဆေးဝါးတွေရောပေါ့။ ကိုယ်လိုအပ်တဲ့ဆေးတော့ မရနိုင်ဘူးပေါ့" ဟုပြောသည်။

ယခင်ကလည်း ကျောက်နီမော်ဘက်တွင် စစ်ကောင်စီက ကုန်တင်စက်လှေများကိုဖမ်းဆီးမှုရှိခဲ့ပြီး ပျဥ်းမျှအားဖြင့် ကုန်အပြည့်နှင့်အတူ စက်လှေ ၁၀ စီးခန့် ဖမ်းဆီးထားသည်ဟုလည်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ရခိုင်တွင် စက်လှေအချို့ရပ်နားထားစဥ်။

#ရမ်းဗြဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.