Preview

ရခိုင်တွင် မိုင်းအန္တရာယ်သတိပေးချက် AA ထုတ်ပြန်

ဇူလိုင် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :4438
ရခိုင် သတင်း

မောင်စာဂ၊နိရဥ္စရာ၊ ဇူလိုင် ၁၃/၂၀၂၄

ရခိုင်တွင်စစ်ကောင်စီထောင်ထားခဲ့သည့်မိုင်းများရှိနေ၍ ပြည်သူလူထုအနေဖြင့် သတိထား သွားလာကြရန်မိုင်းအန္တရာယ်အသိပေးချက်တစ်ရပ်ကို အာရက္ခတပ်တော်(AA)က ယနေ့ ဇူလိုင်လ ၁၃ ရက်၊ ညနေတွင်ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင်အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေဆဲနေရာများ ဖြစ်ကြသော သံတွဲနှင့် မောင်တောမြို့များတွင်စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နေသကဲ့သို့မြို့တွင်းသို့ဝင်ရောက်နိုင်သည့်နေရာများ၊တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများထောင်ထားခဲ့သည်ကို တွေ့ရှိနေရသည်ဟုရေးသားထားသည်။

ထို့အပြင်AA က အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သောမြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီ၏ စွန့်လွှတ် မိုင်းများကြောင့်အရပ်သားပြည်သူလူထုများမှာ စစ်ကောင်စီ၏စွန့်လွှတ်မိုင်းများကိုနင်းမိခြင်းကြောင့် နေ့တိုင်းလိုလိုအသက်သေဆုံးခြင်း၊ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းများကို ကြုံတွေ့နေ၇ဆဲဖြစ်သည်ဟု ဆိုထားသည်။

ယမန်နေ့ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း သံတွဲမြို့၊ နံတော်တောင်တံတား (နန်းချောင်းတံတား) ပေါ်တွင် စစ်ကောင်စီသည် အဆိုပါတံတားအားဖောက်ခွဲဖျက်ဆီးရန် တံတားပေါ် ၌ မိုင်းများထောင်ထားခဲ့သည့်အပြင်၎င်းတို့ဆုတ်ခွာထွက်ပြေးသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာအနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကိုတွေ့ရှိရသည်ဟုလည်း ရေးသားထားသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့်မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများအစာကျွေးရန်စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန်အသိပေး ထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ရေးသားထားသည်။



ရခိုင်တွင်ယခုနောက်ပိုင်း မိုင်းနင်းမိခြင်းကြောင့် သေဆုံးဒဏ်ရာ၇မှုများတိုးလာနေသည်

ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်က မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း ခမ၇(၃၇၉)အနီးတွင် စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြှုပ်မိုင်းနင်းမိ၍ မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှကိုအောင်သာချေ (၂၂)နှစ်၌ ဘယ်ဘက် ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ယင်းအပြင်ညာဖက်ခြေထောက်နှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာပြင်းထန် ရရှိသွားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်ဇူလိုင် ရ ရက်ကလည်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် ထင်းခွေ၊ ဟင်းရှာရာမှမြေမြှုပ်မိုင်းနင်းမိ၍ ယင်းကျေးရွာမှကိုမောင်ဆန်းသိန်း အသက်(၂၆)နှစ်သည် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိ၇သည်။

အလားတူ ဇူလိုင်လ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်ကလည်း ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက်မှ ကိုမောင်ဖြူ အသက် (၃၀) ကျော်သည် ကျိန္တလီမြို့အနီးရှိ တောင်ပေါ်သို့  မှိုရှာရန်သွားစဥ် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေသလုံးနားမှဖြတ်တောက်လိုက်ရကြောင်း သိ၇သည်။

ဇူလိုင်လ  ၂ ရက်နေ့ကလည်း ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ကိုမြင့်မောင် (၂၈)နှစ်သည် မှိုရှာထွက်ရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည်။

ရခိုင်တွင်မိုင်းအသိပညာပေးမှုများ လုပ်ဆောင်ပေးရန်လိုအပ်ပြီးမသွားသင့်သည့် နေရာများသို့ တင်းတင်းကြပ်ကြပ် တားမြစ်သင့်သည်ဟုလူမှုရေးလှုပ်ရှားသူများက ထောက်ပြ ပြောဆိုသည်။ 

ဓာတ်ပုံ- ရခိုင်လွတ်မြောက်နယ်မြေတစ်ခုရှိ မိုင်းအန္တရာယ်အသိပညာပေးဆိုင်းဘိုးတစ်ခုအား၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်က တွေ့၇စဥ်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.