ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသရှိ ရွာ ၁၀ကျော်တွင် စစ်ဘေးရှောင်နှင့် ဒေသခံ ၁ ထောင်ကျော်ခန့် တုတ်ကွေးရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး ဆေးမကုနိုင်၍ သေဆုံးသူ အချို့ရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 783

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် / ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ရွာ ၁၁ ရွာတွင် စစ်ဘေးရှောင်နှင့် ဒေသခံ ၁၀၀၀ ကျော်ခန့်မှာ တုတ်ကွေးရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါများဖြစ်ပွားနေကြောင်း ကူညီပေးနေသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

"အဓိကတော့ ဆေးဝါးတွေ မလုံလောက်ဘူး။ ခြင်ထောင်တွေလည်း မရှိကြဘူးပေါ့။  စစ်ဘေးရှောင် တွေမှာဆို ခြင်ထောင်က အလုံအလောက်မပါဘူးလေ။ အဲတော့ ရာသီတုတ်ကွေးတွေဖြစ်ကြတာပေါ့။ ဝမ်းပျက် ဝမ်းလျှော ရောဂါလည်းဖြစ်ကြတယ်။ ဒေသခံတွေလည်း ဖြစ်နေကြပါတယ်" ဟုပြောသည်။

တုတ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေသည့်ရွာများမှာ တောဖျားချောင်းဒေသရှိ ဒိပ္ပ၊ ဒိုးတန်း၊ လွန်ပူ၊ သက်ကျိုင်း၊ တွင်းဆင်သည်ရွာနှင့် ဩရမရွာ စသည့်ရွာများအပါအဝင် ရွာပေါင်း ၁၁ ရွာတို့ဖြစ်ကြသည်။

အဆိုပါကျေးရွာများရှိ စစ်ဘေးရှောင်များမှာ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင် မြို့နယ်တို့မှ ဖြစ်ကြပြီး လူဦးရေအတိအကျကိုမူ မသိရသေးပေ။

အဆိုပါဒေသတွင် ထိုရောဂါဖြစ်ပွားနေသည်မှာ ပြီးခဲ့သည့် ဇွန်လကတည်းပင်ဖြစ်ပြီး အသက်အရွယ် အရ လူကြီးလူငယ်မရွေး ဖြစ်ပွားနေကြပြီး ဆေးဝါးများလည်း ရှားပါး ပြတ်လပ်နေသဖြင့် ကုသရန် အခက်အခဲရှိနေသည်ဟုလည်း သိရသည်။ 



ထို့အပြင် အသက် (၄၀) ကျော်အမျိုးသား ဦးမှာလည်း ဆေးဝါးမကုသနိုင်ခဲ့သည့်အတွက် အသက် ဆုံးရှူံးခဲ့ရသည်ဟုလည်း သူက ပြောသည်။

နောက်ထပ်ကူညီပေးနေသူတစ်ဦးက "အရင်နှစ်တွေက မိုခါတိုက်သွားတာကြောင့် အပင်တွေက ပြိုလဲတယ်။ ခြင်တွေကလည်း အရင်နှစ်တွေကထက် ခြင်ပိုပွားတယ်။ စစ်ဘေးရှောင်တွေက စားရေးသောက်ရေးက အဆင်မပြေဘူး။ ကိုယ်ခံအားတွေက ကျဆင်းကြတော့ ပိုဆိုးကြတာပေါ့" ဟုပြောသည်။

လက်ရှိတွင် ထိုရောဂါခံစားနေရသူများကို ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးနှင့် စေတနာရှင်များက တတ်နိုင်သည့်ဘက်က ကူညီနေကြပြီး နောက်ထပ်အကူအညီများလည်း လိုအပ်လျက်ရှိသည်ဟုလည်း သိရသည်။ တောဖျားချောင်းဒေသသည် ဆက်သွယ်ရေး အလွန်တရာခက်ခဲသည့်ဒေသတစ်ခုဖြစ်ဖြင့် ဆေးဝါးများ အချိန်မီ ရောက်ရှိရန်မှာလည်း ခက်ခဲနေသည်ဟု သိရသည်။

ရခိုင်သို့ ဆေးဝါးများ တင်သွင်းခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချခွင့်ကို တကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့စပြီး စစ်ကောင်စီက အတင်းအကျပ် ပိတ်ပင်ထားပြီး ၎င်းလုပ်ရပ်က လူသားမျိုးနွယ်ဆိုင်ရာ အသက်ရှင်ရပ်တည်ရေးအပေါ်  အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောဆိုထားသည်။

ဓာတ်ပုံ - တောဖျားချောင်းရွာမှ စစ်ဘေးရှောင်များကို တွေ့ရစဥ်။

 

ဆက်စပ် သတင်းများ