တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

စစ်ကောင်စီထောင်သည့်မိုင်း ကျောက်ဖြူဒေသခံတစ်ဦးကိုထိပြီး ခြေတစ်ဖက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 840

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇူလိုင် ၁၄ / ၂၀၂၄

စစ်ကောင်စီ အခြေစိုက်ခဲ့သည့် တပ်ရင်းများနှင့် စခန်းချခဲ့သည့် နေရာများအနီးဝန်းကျင်တွင် မြေမြှပ်မိုင်းအများအပြားကို စည်းမဲ့ကမ်းမဲ့ ထောင်ထားခဲ့သဖြင့် ၎င်းမြေမြှပ်မိုင်းဒဏ်ကို ရခိုင်ပြည်သူများ နေ့စဉ်လိုလို ထိခိုက်ခံစားနေကြရာ ဇူလိုင် ၁၄ ရက်နေ့ကလည်း ကျောက်ဖြူဒေသခံ တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက်ပြတ်တောက်သွားကြောင်း ကျောက်ဖြူဒေသခံ လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

မိုင်းနင်းမိသူမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဖြတ်လမ်း(၅)တွင် နေထိုင်သည့် ဦးဝေသိန်းမောင် (၅၀)နှစ် ဖြစ်ကြောင်းသိရသည်။

သူသည် ယနေ့ ဇူလိုင်လ ၁၄ ရက်မနက်ပိုင်းက တရပ်ကွက်တည်းနေသူဒေသခံ ၆ ဦးနှင့်အတူ ဂုံးချွိန်တိုက်နယ်၊ အောင်စေတီကျေးရွာ ကာရီဘောင်အနီးတွင် မှိုဟင်းခူးရန်သွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသောမိုင်းကိုနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

" မိသားစုစားဝတ်နေရေးအတွက် ဟင်းရှာထွက်ကြတယ်။ ဦးဝေသိန်းမောင်က အောင်စေတီရွာနားက ကာရီ(ဆည်)နားမှာ မှိုဟင်းခူးဖို့သွားတာမှာမိုင်းနင်းမိတာ။ အဲဒီနေရာတွေတစ်လျှောက်လုံးကို စစ်တပ်က မိုင်းထောင်ထားတာ။ ငလပွေ့ရပ်ကွက်ကနေ အောင်စေတီရွာဖက်ထွက်တဲ့ လမ်းတောက်လျှောက်ကို မိုင်းထောင်ထားတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

မိုင်းနင်းမိ၍ ဦးဝေသိန်းမောင်၏ ဘယ်ဘက်ခြေထောက်မှာ ဒူးခေါင်းအောက်ဘက်နားမှ ပြတ်တောက်သွားကြောင်း သူကပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီတပ်က အေအေဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ကျောက်ဖြူမြို့ ပတ်ပတ်လည်တွင် မြေမြှပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။

ရခိုင်တွင် အာရက္ခတပ်တော်က သိမ်းပိုက်ပြီးသည့်မြို့နယ်များအပါအဝင် ထိုးစစ်ဆင်နေဆဲ မြို့များတွင်လည်း စစ်ကောင်စီထောင်ထားသည့်မြေမြှုပ်မိုင်းများကြောင်း အရပ်သားသေဆုံးမှုတစ်နေ့ထက်တစ်နေ့ပိုတိုးလာနေသည်။

ဇူလိုင် ၁၁ ရက် နံနက်ကလည်း မင်းပြားမြို့၊ စစ်ကောင်စီတပ်ရင်း ခမရ(၃၇၉)အနီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ကိုအောင်သာချေ အသက်(၂၂)နှစ် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်ကလည်း ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက်မှ ကိုမောင်ဖြူ အသက် (၃၀) ကျော်သည် ကျိန္တလီမြို့အနီးရှိ တောင်ပေါ်သို့ မှိုရှာရန်သွားစဥ် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေသလုံးနားမှဖြတ်တောက်လိုက်ရကြောင်း သိရသည်။

အလားတူ ဇူလိုင်လ  ၂ ရက်နေ့ကလည်း  ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ကိုမြင့်မောင် (၂၈) နှစ်သည်  မှိုရှာထွက်ရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည် သိရသည်။

ရခိုင်တွင် စစ်ကောင်စီထောင်ထားခဲ့သည့်မိုင်းများရှိနေ၍ ပြည်သူလူထုအနေဖြင့် သတိထား သွားလာကြရန် မိုင်းအန္တရာယ်အသိပေးချက်တစ်ရပ်ကို အာရက္ခတပ်တော်(AA)က ယမန်နေ့ ဇူလိုင်လ ၁၃ ရက်၊ ညနေတွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ