(ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ဟုဆို)
နိရဉ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၄
အာရက္ခတော် (AA) နှင့်မြန်မာအစိုးရတပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာမှုများမြင့်တက်လာချိန်တွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သစ်သားငါးဖမ်းသင်္ဘောနှစ်စင်းနှင့် ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု DhakaTribune တွင် ဇူလိုင် ၁၄ ရက်နေ့က သတင်းဖော်ပြသည်။
၎င်းတို့သည် အဆိုပါ ငါးဖမ်းသင်္ဘောနှစ်စင်းနှင့်အတူ အသက်ဘေးမှ လွှတ်မြောက်ရန်အတွက်ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး လက်ရှိတွင်နတ်မြစ်အတွင်း မအောင်မြင်ဘဲ မျောပါနေသည်ကို တွေ့ရှိ၇သည်ဟု ဆိုသည်။
တက်ကနက် (Teknaf) မြို့ ဂျာလီယာပါရာအနီးရှိတက်ကနက်-မြန်မာ TransitGhat တွင်ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ငါးဖမ်းသင်္ဘောများကိုကြားဖြတ်ဟန့်တားခဲ့သည်။ အဆိုပါငါးဖမ်းသင်္ဘောနှစ်စင်းသည် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် တစ်ရာကျော်ကိုတင်ဆောင်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တို့ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကိုမရရှိခဲ့ဟု ဆိုသည်။
အမည်မဖော်လိုသူနယ်စပ်တာဝန်ရှိ အစိုးရအရာရှိတဦးက “မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကြားက မြန်မာနယ်ခြားစောင့် အဖွဲ့ဝင်တစ်ရာကျော်ဟာ တခြားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ငါးဖမ်းသင်္ဘောနှစ်စင်းနဲ့ အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ခွင့်ပြုချက်မရှိဘဲတရားမဝင် ဝင်ရောက်မှုကို တားဆီးဖို့ နတ်မြစ်အတွင်း ကင်းလှည့်မှုတွေ အားကောင်းတဲ့အတွက် သူတို့ မဝင်ရောက်နိုင်ခဲ့ဘူး” ဟု ဆိုသည်။
တက်ကနက် စည်ပင်သာယာရေးအဖွဲ့မြို့တော်ဝန် Mujibur Rahman ကလည်း ယခုကိစ္စကို အတည်ပြုခဲ့သည်။
တနင်္လာနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ မြန်မာဘက်က နယ်စပ်ဖြတ်ကျော်ပစ်ခတ်သံများ ကျယ်လောင်စွာထွက်ပေါ်လာခြင်းကြောင့် နှစ်ဖက်နယ်စပ်တွင် နေထိုင်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
၎င်းအပြင် နယ်စပ်တစ်လျှောက် မြန်မာဘက်တွင် လည်း မီးတောက်တွေကို မြင်တွေ့ခဲ့၇သည်ဟု ဆိုသည်။
ထို့အပြင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအား တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ် (BGB) မှနယ်စပ်တစ်လျှောက် ကင်းလှည့်မှုများကိုသိသိသာသာ အရှိန်မြှင့်ခဲ့ဟု ဆိုသည်။ (ref and photo: Dhaka Tribune)