Preview

သံတွဲမြို့ စီးပွားရေးဘဏ်မှ ငွေကျပ်သိန်းနှစ်သောင်းကျော်အပါအဝင် စစ်ကောင်စီတပ်သားနှင့် ရဲမိသားစုဝင် ၄၀၀ ကျော်ကို စစ်ကောင်စီက ရန်ကုန်သို့ပို့ဆောင်

ဇူလိုင် ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :11439
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ်သိန်း နှစ်သောင်းကျော်အပြင် ဒဏ်ရာရစစ်ကောင်စီ တပ်သားများနှင့် ရဲမိသားစုဝင် ၄၀၀ ကျော်ကို စစ်ကောင်စီက စစ်သင်္ဘောဖြင့် ရန်ကုန်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၁၄ ရက်၊ နံနက်အစောပိုင်းက မောင်ရွှေလေးရေတပ်စခန်းမှ စစ်သင်္ဘောဖြင့် ရန်ကုန်မြို့၊ သံလျှင်ရေတပ်စခန်းထံ ပို့ဆောင်လိုက်သည်ဟု သံတွဲမြို့ခံ စစ်ရေးလေ့လာနေသူတစ်ဦးက ပြောသည်။

"သံတွဲမြို့ထဲ အေအေဝင်လာကတည်းက စီးပွားရေးဘဏ်က ငွေတွေကို ငပလီမှာရှိတဲ့ ခလ၇(၅၅)ကိုပို့ထားတယ်လို့ သိရတယ်။ အဲဒီတပ်ရင်းမကျခင် မောင်ရွှေလေး ရေတပ်ကို ပို့တယ်။  ပြီးတော့ တပ်မိသားစုဝင်တွေကော၊ ဒဏ်ရာရတပ်သားတွေကော ရဲမိသားစုဝင်တွေနဲ့ ဘဏ်ငွေသိန်းနှစ်သောင်းကိုပါ စစ်သင်္ဘောနဲ့တင်ပြီး ရန်ကုန်ပို့လိုက်တာပါ" ဟု ပြောသည်။

ယင်းအပြင် သံတွဲမြို့မှထွက်ပြေးသည့် ဌာနဆိုင်ရာဝန်ထမ်းတချို့အား ဂွမြို့နယ်နှင့် ရန်ကုန်တို့တွင်ရောက်ရှိနေပြီး ရောက်ရှိနေသည့် ဒေသတွင် သက်ဆိုင်ရာဌာနများ၌ စစ်ကောင်စီက ပြန်လည်နေရာချထားပေးသည်ဟုလည်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)က သံတွဲအခြေစိုက် ခမ၇ (၅၆၆)တပ်ရင်းအား ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်၊ ညနေက အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

ထို့အတူ ဇူလိုင်လ ၅ ရက်၊ နံနက် ၆ နာရီကလည်း ငပလီမဇင်လေဆိပ်အား သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲအခြေစိုက် ခလ၇ ၅၅ တပ်ရင်းကိုလည်း ဇူလိုင်လ ၉ ရက်၊ နံနက် ၉ နာရီကျော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ 

ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကူလာပေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ သံတွဲမြို့ထဲမှ လက်ကျန်စစ်ကောင်စီတပ်သားများနှင့် သံတွဲမြို့အနီးပတ်ဝန်းကျင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခုခံစစ်များကို ဆင်နွှဲရန်ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်မည့် မြို့သိမ်းတိုက်ပွဲထိုးစစ်များကိုပြင်ဆင်နေကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

သံတွဲမြို့နယ်တွင် ရေစင်ကျေးရွာနှင့် ဂွေ့ချောင်းကျေးရွာကြား ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်၊ နံနက် ၆ နာရီက အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထိုသို့တိုက်ပွဲဖြစ်ပွားပြီး သံတွဲမြို့တွင်းသို့ အာရက္ခတပ်တော်(AA) စတင်ဝင်ရောက်သည့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က မြို့တွင်းရှိ ရဲများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိ၇သည်။

 

ဓာတ်ပုံ - ပုံဟောင်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.