တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် တရုတ်-မြန်မာကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက် သေနတ်သံများ ထွက်ပေါ်လာသဖြင့် သတ်ဖြတ်ခံလိုက်ပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်-မြန်မာ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သေနတ်သံများ ထွက်ပေါ်လာသဖြင့် သတ်ဖြတ်ခံလိုက်ရပြီဟု မိသားစုများနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များက ပြောသည်။

၎င်းသူမှာ ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာမှ ကိုကျော်နိုင် အသက် (၃၄)နှစ်ဖြစ်ပြီး OGT(Onshore Gas Terminal) တရုတ်-မြန်မာကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့က ည ၈နာရီ အချိန်ခန့်က မလကျွန်းရွာရှိ ကာရီ (ငါး၊ပုဇွန်မွေးမြူရေးကန်) သို့ သူငယ်ချင်း နှစ်ယောက်နှင့် အတူသွားစဥ် မလကျွန်းတောင် ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။  

“ သူနဲ့ သူ့သူငယ်ချင်း နှစ်ယောက် တူတူသွားကြတဲ့အချိန်မှာ မလကျွန်းတောင် ဘုရားကုန်းမှာ တပ်စွဲ နေထိုင်ကြတဲ့ စစ်သားတွေက တောင်အောက်ကိုဆင်းလာပြီး သူတို့ရဲ့ တောင်အောက်မှာရှိတဲ့ ဂိတ်က နေဖမ်းတာ။ သူတို့က လှမ်းခေါ်တော့ ထွက်ပြေးကြတယ်။ ထွက်ပြေးရင်းနဲ့ ကိုကျော်နိုင်ကို ဖမ်းမိသွားတယ်။ သူငယ်ချင်း နှစ်ယောက်က လွတ်သွားတယ်။ သူတို့ကိုကျော်နိုင်ကို တောင်ပေါ်ကို ဖမ်းခေါ်သွားပြီး သေနတ်သံတွေ ကြားရတယ်။ အချက် ၁၅ ချက်ထက်မနည်းဘူး။ သတ်လိုက်ပြီလို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုကျော်နိုင်အား သတ်လိုက်ပုံရသဖြင့် သေဆုံးသူ၏ ရုပ်အလောင်းကို ကုမ္ပဏီက တာဝန်ရှိသူများနှင့် ကျေးရွာသားများက စစ်ကောင်စီဂိတ်ကို သွားရောက်ပြီး အလောင်း ထုတ်ပေးရန် တောင်းဆို ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ ငြင်းဆိုကြောင်း၊ အလောင်းရှိပါကလည်း ထုတ်မပေးနိုင်ကြောင်း ရိုင်းစိုင်းစွာပြောဆိုခဲ့သည်ဟုပြောသည်။

“ သူ့ကိုဖမ်းဆီးသတ်ဖြတ်ပြီး နောက်မနက်မှာ ကုမ္ပဏီကတာဝန်ရှိသူတစ်ချို့နဲ့ရွာသားတွေက အလောင်း ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် မထုတ်ပေးဘူး။ မသိဘူးဘဲငြင်းတယ်။ ပြီးတော့ သိရင်လည်း မပေးဘူး။ တိုင်ချင်ရာမှာတိုင်ပြောတယ်” ဟုပြောသည်။

ကိုကျော်နိုင်ဖမ်းဆီးခံရပြီးနောက် အသတ်ခံရသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ် နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ကျောက်ဖြူမြို့ပေါ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မြို့အဝင် အထွက်ကို စစ်ကောင်စီက တင်းကျပ်ပိတ်ဆို့ထားကာ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်း၊ နယ်ကျေးရွာများသို့  ကုန်ပစ္စည်းများတင်ပို့ခြင်းများကို ဖမ်းဆီးခြင်းများ၊ ငွေညှစ်ခြင်းများကို ပြုလုပ်နေကြောင်း  ဒေသခံများကပြောသည်။

ရခိုင်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ စစ်ကောင်စီမှ ဖမ်းတီးထားသူ ၄၅၂ ဦးထိရှိကြောင်း အာရက္ခတပ်တော်၏ ဇွန်လ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီထံဖမ်းဆီးခံရသူအများစုမှ မိသားစုနှင့် အဆက်အသွယ်မရသေးသူများရှိပြီး၊ တချို့မှာ အမှုဖွင့်ခံထားရကာ တချို့မှာ စစ်ကောင်စီ၏ သတ်ဖြတ်မှုကိုခံခဲ့ရကြောင်းသိရသည်။

ဆက်စပ် သတင်းများ