ကြာသပတေး၊ သြဂုတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ကောင်စီက အသိမ်းခံထားရသည့် မောင်တောကညင်ချောင်းစီးပွားရေးဇုန်နှင့် စခန်းဟောင်းအချို့ကို ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

(တိုက်ပွဲပြင်းထန်နေသည့် ရွှေဇားကျေးရွာအားလည်း ဗုံးကြဲတိုက်ခိုက်ဟုဆို)

နောင်မင်းသူ၊နိရဉ္စရာ၊ဇူလိုင်၁၆ရက်/၂၀၂၄

ရခိုင်ပြည်၊‌မောင်တော ကညင်ချောင်းစီးပွါးရေးဇုန်နှင့် စခန်းဟောင်းအချို့ အပါအဝင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရွှေဇားကျေးရွာအား စစ်ကောင်စီက လေယာဉ်များဖြင့် ညအချိန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ဇူလိုင် ၁၅ ရက် ည ၇ နာရီလောက်မှ ည ၉ နာရီအထိ သုံးကြိမ်တိုင်တိုင် အဆိုပါ နေရာများကို  ဗုံးကြဲချခဲ့ကြောင်း‌ ရွှေဇားကျေးရွာ ဒေသခံများထံမှ သိရသည်။

" ညအချိန်မှာ Y-12 နဲ့ ဗုံးကြဲတယ်။ လေယာဉ်တွေက ကညင်ချောင်းစီးပွါးရေးဇုန်နဲ့ ရွှေဇား ကျေးရွာအုပ်စုထဲက ရွာအချို့ကိုလည်း ၁၂ လုံးတွဲ ဗုံးတွေနဲ့ အဆက်မပြတ်ကြဲချခဲ့တယ်။ မြို့‌ တစ်မြို့လုံးတုန်ခါသွားတယ်။ ဗုံးက တစ်လုံးပြီး တစ်လုံး ဆက်တိုက် ပေါက်ကွဲတာ‌။ ပေါက်ကွဲသံ‌တွေကျယ်‌လောင်တယ်။ ထိခိုက် သေဆုံးမှုတွေရှိနိုင်တယ်။ ဖုန်းတွေဆက်မရသေးလို့ အတိအကျ မသိရသေးဘူး။ ရွှေဇားဘက်ကိုလည်း ဘယ်သူမှသွားမရဘူး။ စစ်တပ်က အားလုံးပိတ်ထားတယ်"ဟု ပြောကြားသည်။

စစ်ကောင်စီသည် လေယာဉ်များဖြင့် ကညင်ချောင်းစီးပွားရေးဇုန်သာမက ရွှေဇားကျေးရွာအုပ်စုရှိ ဧတေလျှာကျေးရွာနှင့် လသာ မွတ်ဆလင် ကျေးရွာများကိုပါ ဗုံးများကြဲချခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

၎င်းပြင် အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် မကျည်းချောင်း စခန်းအနီးဝန်းကျင်နှင့် နခခ (၂) စခန်း ပတ်ဝန်းကျင်အားလည်း ဗုံးကြဲတိုက်ခိုက်မှုများ ရှိသည်ဟု ဒေသခံများ ပြောသည်။

ထိုသို့ စစ်ကောင်စီနှင့် အေအေ တို့ တိုက်ပွဲကြား၌ ကညင်ချောင်းစီးပွါးရေး ဇုန်သွားလမ်းပေါ်ရှိ ဟိန္ဒူ ကယ်ဆယ်ရေး ကျေးရွာမှ ဒေသခံ ၄ ဦးသေဆုံးခဲ့ရပြီး ၅ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း‌ ဒေသခံဟိန္ဒူများက ပြောဆိုသည်။

ဒေသခံဟိန္ဒူတစ်ဦးက "မနေ့ကတိုက်ပွဲကြားမှာ ဟိန္ဒူရွာက ကြားညှပ်ပါသွားတယ်။ လက်နက်ကြီး ကျည်လည်း ကျတယ်။‌ သေနတ်ကျည်ဆံတွေလည်း မိုးရွာသလို ကျလာတယ်။ ကညင်းချောင်းဘက်က စစ်သားတွေ ထွက်ပြေးတာကို အေအေဖက်က လိုက်တိုက်တယ်။ ဂုံးနားရွာမှာအခြေချထားတဲ့ စစ်တပ်က ကြားကထွက်ပြီး ပြန်တိုက်တယ်။ တိုက်ပွဲကပြင်းတယ်။ နှစ်ဖက်တိုက်ပွဲကြား မှာ သေဆုံးသွားတာ ဟိန္ဒူလူမျိုး  ၄ ဦးရှိတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ နာမည်တွေ တစ်ယောက်မှ မသိရသေးဘူး" ဟု ပြောဆိုသည်။

ရွှေဇားကျေးရွာ အုပ်စုအတွင်းရှိ မွတ်ဆလင်‌နေအိမ်များ၌ ခြေကုတ်နေရာ ယူထားသည့် စစ်ကောင်စီ တပ်သားများနှင့် မွတ်ဆလင်လက်နက်ကိုင်များကို  ဇူလိုင်လ ၁၅ ရက် နံနက်၌ AA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့်  စစ်ကောင်စီတပ်က အထိနာ ထွက်ပြေးခဲ့ကြရပြီးနောက်ပိုင်း အဆိုပါ နေရာများကို စစ်ကောင်စီက တစ်ရက်လုံး လေယာဉ်ဖြင့် ဗုံးများကြဲချခဲ့သည်ဟု ဆိုသည်။

မောင်တော‌မြို့၊ ကညင်ချောင်းစီးပွားရေးဇုန်အတွင်းရှိ နယ်ခြားစောင့်နယ်မြေစခန်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်ခန့် သည် ဇူလိုင် ၁၅ နံနက်ပိုင်း၌ အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်မှုကို မခံနိုင်သဖြင့် ကစင့်ကလျားထွက်ပြေးခဲ့ကြရပြီး အဆိုပါ အနီးဝန်းကျင်တွင် တိုက်ပွဲမှာ တစ်ရက်လုံး ဖြစ်ပွားခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင်လည်း မောင်တောမြို့  အဝင်နေရာများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်သား ရာဂဏန်းခန့်မှာလည်း တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် နတ်မြစ်ဘက်သို့ စက်လှေများဖြင့် ထွက်ပြေးနေကြကာ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ရန် ကြိုးစား နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ