တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရခိုင်သို့ တင်ပို့မည့် စက်သုံးဆီများကို လိုင်လူငယ်အသင်း(CYLA) က သိမ်းဆည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

(ကုန်ပစ္စည်းတင်ပို့ခွင့်ကို ပိတ်ပင်ထားသည်မှာ ၂၃ ရက်ထိရှိလာ)

နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄

အိန္ဒိယကနေ ရခိုင်ပြည်နယ်သို့ တင်ပို့မည့် စက်သုံးဆီများကို လိုင်လူငယ်အသင်း(CYLA) က ယမန်နေ့က သိမ်းဆည်းခဲ့ပြီး ကုန်ပစ္စည်းတင်ပို့ခွင့်ကို ပိတ်ပင်ထားသည်မှာ ယနေ့တွင် ၂၃ ရက်ထိ ရှိလာပြီဖြစ်၍ ကုန်သည်များ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

လိုင်လူငယ်အသင်း(CYLA) သည် ယမန်နေ့ ဇူလိုင်လ ၁၅ ရက်က ရခိုင်သို့တင်ပို့မည် ဒီဇယ်ဆီ ပေပါ ၁၉ လုံးကို သိမ်းဆည်းခဲ့သည်ဟု Chin Word မီဒီယာတွင် ဖော်ပြထားသည်။

အဆိုပါ ဒီဇယ်များကို မီဇိုရမ်ပြည်နယ်၊ လုံလေမြို့က ဝယ်ယူပြီး လုံလေမှ တဆင့် ဂျောင်းသဲကိုဖြတ်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို တင်ပို့ပြီး ရခိုင်ကို တင်ပို့မည်ဖြစ်သည်ဟုလည်း ဆိုထားသည်။

CYLA သည် ရခိုင်သို့ ကုန်ပစ္စည်းတင်သွင်းခွင့်ကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ စတင်ကာ ပိတ်ပင်ထားခဲ့သည့် အတွက် အိန္ဒိယတွင် ရခိုင်ကုန်သည်များ ကုန်ပစ္စည်းဝယ်ယူထားပြီး သယ်ဆောင်မရဘဲရှိနေသည်မှာ ယနေ့တွင် ၂၃ ရက်ရှိနေပြီဖြစ်သည်။ရသေ့တောင်မြို့နယ်မှ ကုန်သည်တစ်ဦးက “ဒီမှာ ပစ္စည်းတွေကို ထားခဲ့ပြီး ပြန်သွားမယ်ဆိုရင်လည်း ကျနော်တို့မှာ ရှိတာတွေရောင်းပြီး လုပ်နေတာ။ သိန်း ၅၀၀ ရင်းထားတာ။ နောက်ထပ်ရင်းပြီး လုပ်စားဖို့လည်း မရှိတော့ဘူး။ ဆိုင်ကိုလည်း ပစ္စည်းပြန်သွင်းလို့လည်း မရတော့ဘူး။ စားစရိတ်၊ နေစရိတ်တောင် မနည်းကုန်နေပြီ။ ကျနော်တို့ကို ဒီတစ်ကြိမ်လောက် ဆင်းခွင့်ပြုစေချင်တယ်။ နောက်မလာနဲ့ဆိုလည်း မလာတော့ဘူး” ဟု နိရဥ္စရာကိုပြောသည်။


ယခုတစ်ကြိမ်တွင် ပစ္စည်းများဝယ်ယူထားပြီဖြစ်၍ ပစ္စည်းများကို သယ်ယူခွင့်ပြုရန် တောင်းဆိုသော်လည်း ခွင့်မပြုကြောင်း၊ ယခုလက်ရှိတွင် ဝယ်ယူထားသည့် ပစ္စည်းများအားလည်း ပြန်အပ်၍ မရသဖြင့် ဘေးကျပ် နံကျပ် အခြေအနေကို ရောက်နေရသည်ဟု ပြောကြားသည်။

ရခိုင်တွင် စစ်ကောင်စီက ပြည်မနှင့်ဆက်သွယ်ထာသည့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားသည့် အတွက် ရခိုင်ကုန်သည်များမှာ ကျောက်တော်မြို့မှ တဆင့် လမ်းခရီးခက်ခဲစွာဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့သွားရောက်ကာ အဓိက စားကုန်များဖြစ်သည့် ပဲဆီ၊ မုန်ညင်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် မုန့်ပဲသရေစာများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီနှင့် ဆေးဝါးများကို ဝယ်ယူကာ ရခိုင်ပြည်ကို တင်သွင်းနေကြရသည်။

ထို့အပြင် နောက်ထပ်ကုန်သည်တစ်ဦးကလည်း အိန္ဒိယမှ ပစ္စ္စည်းများဝယ်ယူရန် အရင်းအနှီးငွေ မလုံလောက်သည့်အတွက်ကြောင့် မိတ်ဆွေများထံမှ ငွေကြေးများချေးယူကာ လာခဲ့ရသည့်အတွက် ကုန်ပစ္စည်းလည်း သယ်ယူခွင့်မရ၊ ကုန်များကို ဆိုင်သည်များထံ ပြန်သွင်းခွင့်မရလျှင် ဘဝပျက်သွားနိုင်သည်ဟု ပြောသည်။

“ကျနော့်မှာ ရင်းဖို့ ပိုက်ဆံ မလောက်လို့ တစ်ယောက်ဆီက သိန်း ၁၀၀၊ နောက်တစ်ယောက်ဆီက သိန်း ၂၀၀ ချေးလာတာ။ စုစုပေါင်း သိန်း ၆၀၀ ရင်းထားတာပါ။ ဝယ်ထားပြီးမှ ပစ္စည်းလည်း ပြန်သွင်းလို့မရ၊ ပစ္စည်းလို့ သယ်ဆောင်ခွင့်မရတော့ ကိုယ့်အရင်းအပြင် သူများဆီပါ အကြွေးတင်သွားနိုင်ပါတယ်”ဟု ပြောသည်။

(CYLA) က ယခုကဲ့သို့ လမ်းများပိတ်ပင်ထားသည့်အပြင် ရခိုင်သို့ သယ်ယူမည့် ဆီပေပါများကိုပါ ယခုရက်ပိုင်းအတွင်း သိမ်းဆည်းခြင်းနှင့် ချောင်းသို့သွန်ချခြင်းများရှိနေသည့်အတွက် နောက်ထပ် ကုန်ပစ္စည်းများကိုပါ သိမ်းဆည်းမည်ကို ကုန်သည်များက စိုးရိမ်နေကြသည်ဟု ပြောကြသည်။


ထို့အပြင် CYLA သည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က အိန္ဒိယ ရဲများဖြင့် ရခိုင်ကုန်သည်များ တည်းခိုနေထိုင်သည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့လာရောက်ကာ ၂ ရက်အတွင်း လောင်တလိုင်မြို့မှ ထွက်သွားကြဖို့လည်း ဖိအားပေးခဲ့သေးသည်။

ကုန်သည်များမှာ ထိုရက်ပိုင်းအတွင်း လောင်တလိုင်မြို့မှ ထွက်ခွာခဲ့ရပြီး အခြေအနေတည်ငြိမ်၍ ပြန်လည်ဝင်ရောက်ကာ လမ်းဖွင့်ပေးမည့်ရက်ကို စောင့်ဆိုင်းနေကြသည်။

လက်ရှိတွင် လောင်တလိုင်၌ လမ်းဖွင့်မည့်ရက်ကို စောင့်နေကြသည့် ရခိုင်ကုန်သည် ၇၀ ဦးထက် မနည်းရှိနေသည်ဟု ကုန်သည်များက ပြောကြသည်။

လိုင်လူငယ်အသင်းက ရခိုင်ပြည်ဘက်ကို စားသောက်ကုန် တင်သွင်းခြင်းမှာ ပြည်သူများအတွက်ဟု ထင်ခဲ့သော်လည်း အာရက္ခတပ်တော်(AA)က ချင်းလူမျိုးများနှင့် ပစ်ခတ်တိုက်ခိုက်သည့်နေရာတွင် သူတို့၏ အင်အားပိုမိုတောင့်တင်းလာစေရန် လုပ်ဆောင်နေကြောင်း၊ ချင်းညီအကိုများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရပ်တန့်ဖို့ (CYLA) ဘက်က အကြိမ်များစွာ သတိပေးခဲ့သော်လည်း လက်မခံသည့်အပြင် အကြောင်းပြန်ခဲ့ခြင်းလည်း မရှိသည့်အတွက် မီဇိုရမ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပို့သည့် လမ်းကြောင်းကို ပိတ်ပင်လိုက်သည်ဟု ဆိုထားသည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခက CYLA အနေဖြင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှာ လက်မခံနိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ဟုလည်း The Irrawaddy ကို ပြောဆိုထားသည်။

အာရက္ခတပ်တော် AA မှ တပ်ဖွဲ့၀င်များ လက်နက်များကိုင်ဆောင်ပြီး လောင်တလိုင်မြို့ သို့ ဝင်ရောက်ခဲ့သည်ဟု CYLA က ပြောဆိုထားခြင်းကြောင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် လုံခြုံရေး တင်းကြပ်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ