တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အမ်းမြို့ အခြေစိုက် နပခကို မကွေး၊ ဧရာ၀တီနှင့် စစ်တွေက စစ်သင်တန်းဆင်း မွတ်ဆလင်များဖြင့် အင်အားဖြည့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

(AAမှ နဂိုစစ်ရေးရည်မှန်းချက်အတိုင်း အမ်းအပါအဝင် ကျန်ရှိနေသေးသော စစ်စခန်းများကို ဆက်လက် တိုက်ခိုက်သွားမည်ဟုဆို)

သင်ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄

အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မကွေး၊ ဧရာ၀တီမှ သင်တန်းသားသစ်များနှင့် စစ်တွေမှ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်များဖြင့် အင်အားဖြည့်တင်းထားကြောင်း သတင်းရရှိသည်။

စစ်ရေး သတင်းအရင်းမြစ်တစ်ဦးက “ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကွေးတိုင်းမှ အမှတ်(၂) စစ်သား စုဆောင်းရေးတပ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့  အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်မှုထမ်းစုဆောင်းခံရသူတွေ၊ ရွှေမြင့်တင်က စစ်အင်အားတွေနဲ့  စစ်တွေu စစ်သင်တန်းဆင်း မွတ်ဆလင်တွေကိုပါ ခေါ်ဆောင်ပြီး ထပ်မံအင်အားဖြည့်ထားတယ်။ အမ်းမြို့ပြင် ဧရိယာဝန်းကျင်နဲ့  မြို့ကိုလည်း ယခင်ကထက် လုံခြုံရေးတင်းကျပ်ထားတာကို တွေ့ရပါတယ်” ဟု  နိရဉ္စရာသတင်းဌာနကို  ပြောသည်။

လက်ရှိ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ပြင်းပြင်းထန်ထန် မရှိသေးသော်လည်း စစ်ကောင်စီက အမ်းမြို့ကို အကြီးအကျယ် ခုခံကာကွယ်ရန် ပြင်ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ပတ်သက်ပြီး အမ်းမြို့ခံ အမျိုးသမီး တစ်ဦးကို  နိရဉ္စရာသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ အမ်းမြို့တွင် ယခုရက်ပိုင်း အတွင်း တိုက်ပွဲမှာ ရပ်တန့်နေသော်လည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု ပြောဆိုသည်။ 

“ နပခအနီးမှာတော့ တိုက်ပွဲက ရပ်နေတယ်။ ဒါပေမယ့် နပခကို အာရက္ခတပ်‌တော်က လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တာတွေတော့ ရှိနေတယ်။ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တယ်။ စစ်ကောင်စီက ပစ်တာကပိုများတယ်။ ကြောက်လန့်ပြီး နေ့ရော ညရော ပစ်နေကြတာ” ဟု ပြောသည်။

အာရက္ခတပ်တော်ကလည်း  "အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ်စစ်ကောင်စီ၏ တပ်များ အားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်" ဟူသော နဂိုစစ်ရေးရည်မှန်းချက်အတိုင်း မိမိတို့ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော ရန်သူ၏ တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်းများ၊ နပခဌာနချုပ်များ အားလုံးကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေကြောင်း ဇူလိုင် ၇ ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် အာရက္ခတပ်တော်သည် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ် ဌာနချုပ်တို့အား မိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။

အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည်  အာရက္ခတပ်တော်၏ စစ်ရေး မျှော်မှန်းချက်အရ များမကြာမီ ပြင်းပြင်းထန်ထန်  ထိုးစစ်ဆင် တိုက်ခိုက်ခံရနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု စစ်ရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။

အနောက်ပိုင်းတိုင်းအား ပြင်းထန်သည့် ထိုးစစ်မစမီ အာရက္ခတပ်တော်က အမ်းမြို့ မဲတောင်တွင် တည်ရှိသည့် ကာကင်းစခန်းများကို ဆက်လက်တိုက်ပွဲ ဝင်နေသော်လည်း အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးဟု အမ်းမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။

“ ကာကင်းစခန်းတွေကို အာရက္ခတပ်တော်တိုက်ခိုက်နေတာ တစ်ပတ်ကျော် လောက်တော့ ရှိပြီး။ စစ်ကောင်စီဖက်က တပ်ဆုပ်ပြေးတာလည်းရှိတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီး အဲဒီ အင်အားနည်းတဲ့ ကာကင်းတွေကို စစ်ကြောင်း ထိုးပြီး အင်အားထပ်ဖြည့်ထားတာတွေရှိတယ်။ ကာကင်းစခန်းတွေကတော့ မပြတ်သေးပါဘူး” ဟု ပြောသည်။

အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင်အမ်းအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သည့် ထောက်ပို့တပ်၊ ခမရ-၃၇၁၊ ခမရ- ၃၇၂၊ ခမရ- ၃၇၃၊ စစ်မြေပြင် အင်ဂျင်နီယာ (BE)တပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ (GE)တပ်၊ လေကြောင်းကာကွယ်ရေးတပ်များတည်ရှိသည်။

ဒေသခံ အမျိုးသမီး တစ်ဦးက “ အခုလက်ရှိတိုက်ပွဲတွေက အရမ်းမပြင်းထန်ဘဲရပ်နေသေးပေမယ့် စစ်ကောင်စီဖက်က အမ်းမြို့ တစ်ခုလုံးနဲ့ မြို့ပြင်ဧရိယာတွေကို လုံခြုံရေးပိုတင်းကျပ်ထားတယ်။ လူသွား လူလာတွေကိုလည်း တင်းကျပ်ထားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် အမ်းမြို့မှ မြို့နယ်ဖက်သို့ စားနပ်ရိက္ခာ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ခွင့်ကို တားမြစ်ထားပြီး မြို့သူ/မြို့သားများမှာလည်း မြို့ပြင်သို့ထွက်ခွင့် ကန့်သတ်ခံထားရကြောင်း မြို့ခံများက ပြောသည်။

 

 

ဆက်စပ် သတင်းများ