ကြာသပတေး၊ သြဂုတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်သို့ သယ်ဆောင်သည့် ငွေသား ကျပ်သိန်းပေါင်း ၆ သောင်းကျော်နှင့်အတူ ဖမ်းဆီးခံရသူ ၂၀ ခန့် မိသားစုနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 22.3k

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄

ရခိုင်တွင် ငွေလွှဲငွေထုတ်လုပ်ရန်သယ်ဆောင်လာသည့် ငွေစက္ကူ ကျပ်သိန်းပေါင်း ၆ သောင်း ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လပထမအပတ်တွင် စစ်ကောင်စီတပ်က ချောင်းသာ ကမ်းခြေအနီး ဖမ်းဆီးလိုက်ကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင်များနှင့် နီးစပ်သူများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါငွေများကို ရန်ကုန်ဘက်မှထုတ်ယူပြီး ဧရာဝတီဘက်မှတစ်ဆင့် စက်လှေဖြင့် လူ ၂၀ ဦးခန့်က ရခိုင်ဘက်သို့ သယ်ယူလာခြင်းဖြစ်ကာ ချောင်းသာဘက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ငွေလွှဲငွေထုတ်လုပ်မလို့ ယူလာတဲ့ ငွေကျပ် သိန်း ၆ သောင်းကျော်၊ ၇သောင်းနီးပါး တင်လာတာပါ။ ငွေထုတ်က အထုတ် ၁၇ ထုတ်ပါတယ်။ တစ်ထုတ်မှာ သိန်း ၄၀၀၀ ပါတယ်။ ဧရာဝတီဘက်က နေပြီးတော့ ချောင်းသာဘက်ကိုလာတာ။ ချောင်းသာကိုရောက်တော့ ငွေထုတ်တွေကို စက်လှေတစ်စီးကနေ တစ်စီးကိုကဲ့ယူတယ်။ ပြီးတာနဲ့ပြန်ထွက်လာတယ်။ ငွေထုတ်ကိုစစ်ဆေးတဲ့အချိန် တစ်ထုတ် ကျန်ခဲ့လို့ ပြန်လှည့်ပြီး သွားယူတဲ့အခါ ကမ်းပေါ်က စစ်ကောင်စီရဲတွေက ဖမ်းလိုက်တာပါ" ဟုပြောသည်။

ဖမ်းဆီးခံလိုက်ရသည့်အကြောင်းကို ဖမ်းဆီးခံရသူများထဲမှတစ်ဦးက သူအဖမ်းခံရကြောင်း သူငယ်ချင်းတစ်ဦးထံဖုန်းဆက်အကြောင်းကြားခဲ့ရာမှ မိသားစုဝင်များက သိရှိခဲ့ရကြောင်း၊ စက်လှေနှင့်အတူ ဖမ်းဆီးခံထားရသူများတွင် မင်းပြားမြို့နယ်ရှိ သစ်ပုတ်တောင်နှင့် ကျောက်ခုတ်ကျေးရွာသား ၂ ဦးပါဝင်ကြောင်း ၎င်းက ပြောသည်။ 

ဖမ်းဆီးခံရသူများကိုလည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိ ရခိုင်ပြည်တွင် ဘဏ်လုပ်ငန်းများမလည်ပတ်တော့သည့်အတွက် ငွေသားများ ရှားပါးလာပြီး ငွေသားများထုတ်ယူနိုင်ရန် မလွယ်ကူတော့သဖြင့် ၎င်းငွေများကို ရန်ကုန်ကနေ ရခိုင်သို့ ယူဆောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။ 

ရခိုင်တွင် ငွေသားရှားပါး၍ ငွေလွှဲငွေထုတ်လုပ်ကိုင်သည့် အချို့ဆိုင်များမှာ ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

သို့သော် ရှားရှားပါးပါး ငွေသားထုတ်ယူ၍ရရှိနိုင်သည့် ဆိုင်များတွင်လည်း Kpay မှ ငွေသားတစ်သိန်းထုတ်လျှင် ၁၇ ရာခိုင်နှုန်းအထိပေးဆောင်ကာ ထုတ်ယူနေရသည်။

ထို့အတွက်ကြောင့် ကုန်သည်များမှာ ပြည်မဘက်မှ ကုန်ပစ္စည်းများသွားရောက် တင်ဆောင်ကြသည့် အပြင် ငွေစက္ကူများကိုလည်း သယ်ဆောင်လာကြခြင်းဖြစ်သည်။

ယခုလို စစ်ကောင်စီက ဖမ်းဆီးလိုက်သည့်အတွက် ရခိုင်ပြည်သူများမှာ အလွန်တရာ အခက်အခဲများနှင့်ကြုံနေရကြောင်း ဖမ်းဆီးခံလိုက်ရသူများနှင့်နီးစပ်သူက ဆက်ပြောသည်။

"ရခိုင်မှာ ငွေထုတ်လို့မရတော့ ဗမာပြည်ကိုသွားယူကြတာပေါ့။ ဒါကို ကိုယ့်ပြည်ကို မရောက်ဘဲ စစ်ကောင်စီက ဖမ်းလိုက်တော့ ရခိုင်ပြည်သူတွေက အရမ်းအခက်အခဲနဲ့ ကြုံနေရတယ်။ ဒီလိုသာဆို ပိုပြီးဆင်းရဲတွင်းထဲ ကျရောက်သွားနိုင်တယ်။ ဒီအတိုင်းဆိုရင် ULA က ကိုယ်ပိုင်ငွေထုတ်ပြီး သုံးစွဲဖို့ထိ လုပ်ရမယ့် အနေအထားရောက်လာပြီ " ဟုပြောသည်။

လက်ရှိ မြန်မာပြည်တွင်းတွင်သုံးစွဲနေသည့် ငွေစက္ကူများကို ရခိုင်ပြည်သူများမှာ တရားဝင် သယ်ဆောင်ခွင့်ရှိပြီး စစ်ကောင်စီက ယခုလိုဖမ်းဆီးခြင်းသည်ကား ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးကိုချိုးဖောက်နေခြင်းဖြစ်ကြောင်း နောက်ထပ်နီးစပ်တစ်ဦးက ဝေဖန်ပြောဆိုသည်။

"လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝလိုချင်တဲ့ စိတ်ဓာတ်နဲ့ပြောမယ်ဆိုရင် မြန်မာပြည်ထဲမှာ ငွေမဲကို ငွေဖြူသွားလုပ်တာလည်း မဟုတ်။ ပြည်တွင်းထဲမှာ တစ်ပြည်လုံးသုံးနေတဲ့ မြန်မာပိုက်ဆံကိုသွားယူတာက ဘာအပြစ်မှမရှိဘူးလေ။ ဒါပေမဲ့ တခြားနိုင်ငံကို ယူတယ်ဆိုရင် ဥပဒေအရ အရေးယူတာက အပြစ်မပြောပါဘူး။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေက ဒီလိုကုန်ရောင်းကုန်ဝယ်တာတွေကို တော်တော်သတိဝိရိယထားရမယ်လို့ပြောချင်ပါတယ်" ဟုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကပင် ရခိုင်ပြည်တွင် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး မပြုလုပ်နိုင်အောင် ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး အပြစ်မဲ့ ရခိုင်ပြည်သူများအား အတိဒုက္ခရောက်ကာ အငတ်ဘေး ကျရောက်အောင် အစီအစဉ်ရှိရှိ ပိတ်ဆို့ဆောင်ရွက်ထားသည်။

ထို့အတွက်ကြောင့် ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ မင်းပြား၊ သံတွဲနှင့် ကျောက်ဖြူဘက်တို့မှ ကုန်သည်တို့သည် ဧရာဝတီဘက်သို့ အရဲစွန့်ကာ လူသုံးကုန်ပစ္စည်းများတင်ဆောင်သည့်အပြင် လက်ရှိရခိုင်ပြည်တွင် ငွေသားများရှားပါးလာသည့်အတွက် ငွေစက္ကူများလည်း သယ်ဆောင် လာကြရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်ကလည်း ဧရာဝတီတိုင်းမှ လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် မာန်အောင်မြို့နယ်တို့မှ စက်လှေ ၅ စီးကို မာန်အောင်မြို့နယ်၊ ရဲကျွန်း၊ တိုက်ကျွန်းနှင့် မကျည်းကျွန်းကြားတွင် စစ်ကောင်စီနေဗီတစ်စီးက ဖမ်းဆီးခဲ့သည်။

ဓာတ်ပုံ - ရခိုင်ရှိ ကုန်စက်လှေတစ်စီးအား တွေ့ရစဉ်။

 

ဆက်စပ် သတင်းများ