ကြာသပတေး၊ သြဂုတ်လ ၂၉ရက်၊ ၂၀၂၄

မောင်တောတွင် နှစ်ရက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အနည်းဆုံး လူပေါင်း ၂၀ ခန့်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဥ္ဇာနွယ်၊ နောင်မင်းသူ၊ နိရဥ္စရာ၊ဇူလိုင် ၁၇/ ၂၀၂၄

ရခိုင်ပြည်၊မောင်တောမြို့တွင် (၂) ရက်အတွင်း အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင်  လူပေါင်း ( ၂၀)  ခန့် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ မြို့မရပ်ကွက်မှ ရခိုင်လူမျိုးများဖြစ်သည့် အုပ်ချုပ်ရေးမှူး ဦးညိုထွန်း အသက်(၅၉)နှစ်၊ ဦးမောင်စောဝင်းနိုင် (၅၃)နှစ်၊ ဦးမောင်ဘူချေ  (၄၀)နှစ်၊ ဦးကာကူကြီး (၄၀)နှစ်၊ ဦးမောင်ထွန်းနိုင် (၄၅)နှစ်၊ ဦးရန်မင်းစိုး (၄၀)နှစ်၊ မောင်အောင်ကောင်းပိုင် (၁၈)နှစ်နှင့် မောင်အောင်မင်းပိုင် (၁၆)နှစ်ဖြစ်သည်။

၄င်းတို့ (၈)ဦးကို  ဇူလိုင် ၁၆ ရက်နေ့ ညနေ (၅)နာရီခန့်က မွတ်ဆလင်လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ အင်အား(၇၀)ခန့်ပါဝင်သည့် စစ်ကြောင်းမှ ရပ်ကွက်တွင်းသို့ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မောင်တောမြို့မှ ရခိုင်အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ မနေ့က ၈ ယောက်အဖမ်းခံရတယ်။ အဖမ်းခံရတာက ရခိုင်တွေပါ။ အုပ်ချုပ်ရေးမှူး တစ်ယောက် ပါတယ်။ အကုန်လုံးကို ဖမ်းသွားတာ။ အခုထိအဆက်အသွယ်မရသေးဘူး” ဟုပြောသည်။

ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးက သူ၏ သမက်နှင့်သားဖြစ်သူမှာ အပြစ်မရှိဟု ဖမ်းဆီးစဉ် ဝင်ရောက်ပြောဆိုရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရပ်ကွက်(၄)မှ  ဒေသခံတစ်ဦးက ပြောဆိုသည်။

"AAတပ်ဖွဲ့ ဝင်‌တွေ ရှိမရှိမနေ့က ရပ်ကွက်(၄) ရွာသစ်ကို မွတ်ဆလင်စစ်သားတွေက ဝင်စစ်တယ်။ အုပ်ချုပ်ရေးမှုး သမက်နဲ့ မြေးကိုမသင်္ကာလို့ ဖမ်းတယ်။ အုပ်ချုပ်ရေးမှုးက သူ့သမက်နဲ့ မြေးမှာ ဘာအပြစ်မှ မရှိဘူးလို့သွား‌ ပြောတယ်။ အုပ်ချုပ်‌ရေးမှူးကိုပါ ဖမ်းသွားတယ်။ ရွာသစ်က ရခိုင်နဲ့ ဟိန္ဒူလူငယ်တွေ ၁၀ နီးပါးကိုလည်း. ဖမ်းဆီးသွားကြတယ်"ဟု  ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ ၁၁ ဦးအထိ ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ၈ ဦး၏ အမည်စာရင်းကိုသာ နိရဉ္စရာသတင်းဌာနက ရရှိပြီး ကျန်သူများ၏ အမည်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါသည်။ 

အဆိုပါ ဖမ်းဆီးခံရသူများ အထဲတွင် ရခိုင်သာမက ဟိန္ဒူများလည်း ပါဝင်ပြီး မသင်္ကာမှုဖြင့် စစ်ဆေးရန် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဟိန္ဒူလုူမျိုး တစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း အဆိုပါ မွတ်ဆလင်စစ်သားနှင့် စစ်ကောင်စီစစ်သား စစ်ကြောင်းသည် နောက်ထပ်တစ်ကြိမ် မြို့တွင်းသို့ ဝင်ရောက်လာပြီး မွတ်ဆလင် (၁၀)ဦး ထက်မနည်းနှင့် ရခိုင် (၅) ဦးထက်မနည်း ထပ်မံဖမ်းဆီးသွားသည်ဟု ၄င်းက ပြောသည်။

“ မနေ့ကတစ်ကြိမ် ဝင်ဖမ်းသွားတယ်။ ဒီနေ့မနက် အစောပိုင်းကလည်း အဲဒီစစ်ကြောင်းက ထပ်ဝင်လာပြီး လမ်းမှာသွားနေတဲ့ မွတ်ဆလင်နဲ့ရခိုင်တွေကို ဆွဲဖမ်းသွားတာ” ဟုပြောသည်။

၄င်းဖမ်းဆီးခံရသူ အများစုကို မောင်တောနှင့်ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်နေသည့် ဂိတ်ဟောင်း ပတ်စ်ပို့ ဂိတ်သို့ ယူဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မျက်မြင်ဒေသခံများက နိရဥ္စရာကိုပြောသည်။

ထိုအတူ ဇူလိုင် ၁၅ ရက်နေ့တွင်လည်း အောင်မြေဗောဓိ ရွာ မှ လူ‌နေထိုင်သည့် နေအိမ် ၆ အိမ်၏ ခြံသော့ခလောက်များအား မွတ်ဆလင်စစ်သားများက သေနတ်များနှင့် ပစ်ဖောက်ဖျက်ဆီး ဝင်ရောက်ကာ အမျိုးသမီးများအား ဖမ်းဆီးခြင်းမရှိဘဲ လင်ယောက်ျားများ(၆)ဦးအား ဖမ်းဆီး‌ ခေါ်ဆောင်စစ်ဆေးပြီး (၅)ဦးအား ပြန်လွှတ်ပေးလိုက်ကာ (၁)ဦးအား လွတ်မပေးသေးကြောင်း အောင်မြေဗောဓိ ဒေသခံများထံမှသိရသည်။

မွတ်ဆလင် လက်နက်ကိုင် စစ်သားများမှာမြို့တွင်းရှိ ရခိုင်လူနေရပ်ကွက်များ ဖြစ်ကြသည့် အမှတ်(၃) ရပ်ကွက်ရှိ မြို့ဦးရွာ၊ ဝိမလ၊ ရှိတ္တာရွာ အမှတ်(၁)ရပ်ကွက်ရှိ ဒါက်ရွာ၊ အလယ်ရွာ  အမှတ်(၄)ရပ် ကွက်ရှိ  အောင်မြေဗောဓိ၊ ဗိုလ်မှူးရွာ၊ ရွာသစ်စသည့် ရပ်ကွက်များရှိ ရခိုင်နှင့် ဟိန္ဒူ‌ နေအိမ်များသို့  ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြပြီး အပြစ်မဲ့ အရပ်သားများအား ဖမ်းဆီးနေကြခြင်းဖြစ်သည်။

AAထိုးစစ်မှာ မောင်တောမြို့တွင်းသို့ နီးကပ်လာနေသောကြောင့်​  စစ်‌ကောင်စီတပ်များမှာ မြို့တွင်းရှိ ရခိုင် လူနေရပ်ကွက်များအား ဝင်ရောက်စစ်ဆေးခြင်းများ မပြုလုပ်ဝံ့ကြတော့ဘဲ  မွတ်ဆလင် စစ်သားများအား တမင်သက်သက် ခိုင်း‌စေကာ ပြသနာ ပေါ်ပေါက်အောင် လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

"စစ်တပ်က မွတ်ဆလင်စစ်သားတွေကို ထိုးကျွေးထားတာ။ မြို့တွင်းတိုက်ပွဲဖြစ်ရင် မွတ်ဆလင် စစ်သား‌တွေနဲ့ ရခိုင်တွေနဲ့ ဖြစ်ကြပေါ့။ ရခိုင်လူနေရပ်ကွက်တွေကို မွတ်ဆလင်စစ်သားတွေကိုဘဲ AA  ဝင်ရောက်တာ ရှိမရှိစစ်ဆေးဖို့ခိုင်းထား” ဟု ၎င်းက ပြောသည်။

မောင်တောမြို့၌စစ်ကောင်စီဖမ်းဆီးထားသူ ၄၀ ခန့် အထိရှိနေပြီးပြန်လွတ်ပေးသူ ဟိန္ဒူလူငယ် တစ်ဦးသာရှိသေးသည်။ လက်ရှိတွင် မောင်တောမြို့တွင်းရှိ လမ်းများပေါ်၌ မွတ်ဆလင်စစ်သားများ လက်နက်ကိုယ်စီကိုင်‌ဆောင်ပြီးသွားလာလှုပ်ရှားနေကြကြောင်းဒေသခံများထံမှသိရသည်။

လက်ရှိမောင်တောတွင် မြို့အဝင်နားပတ်ဝန်းကျင်၊ ရွှေဇားနှင့် ဝိမလတို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိပြီး မောင်တောမြို့ပေါ်တိုက်ပွဲလည်းနီးကပ်လာပြီဟု မောင်တောဒေသခံ မွတ်ဆလင်များက ပြောသည်။

ယင်းအပြင် RSO၊ ARA၊ ARSA စသည့် အဖွဲ့များသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ  ဒေသခံမွတ်ဆလင်များကို ဖမ်းဆီးကာ စစ်သားစုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ