Preview

စစ်တွေတွင် ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသူ ရာနှင့်ချီရှိသည့် အရပ်သားများ အတွက် အမှုလိုက်ပေးမည့် ရှေ့နေမရှိဖြစ်နေ

ဇူလိုင် ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :1759
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၁၈ / ၂၀၂၄

ရခိုင်ပြည်မြို့တော်စစ်တွေတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားရသူများမှာရာနှင့်ချီရှိနေပြီး သူတို့အတွက် အမှုလိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေများမရှိကြောင်း သိရှိ၇သည်။

စစ်တွေမြို့တွင်အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေအများစုမှာ ရန်ကုန်မြို့နှင့်လွတ်မြောက်နယ်မြေများတွင် စစ်ဘေးရှောင်နေကြပြီး လက်ရှိ တစ်မြို့လုံးတွင် အမှု လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေဦးရေ ၁၀ ကျော်ခန့်သာရှိသည်ဟုသိရှိရသည်။

ထို့အပြင် ယခင်က မတရားဖမ်းဆီးခံရသည့် အမှုများအားငွေကြေးတစ်ပြားမှမယူဘဲ ကူညီဆောင်ရွက်ပေးခဲ့သည့်ရှေ့နေအဖွဲ့အစည်းများလည်း စစ်တွေမြို့တွင် မရှိသလိုရှိနေသည့် ရှေ့နေများမှာလည်း မိမိတို့ လုံခြုံရေးအတွက် ယခုအမှုများကို မလိုက်ရဲဖြစ်နေကြသည်ဟုနောက်ထပ်ရှေ့နေတစ်ဦးက ပြောသည်။

"အခမဲ့ လိုက်ပေးတဲ့ ရှေ့နေအဖွဲ့အစည်းတွေကစစ်တွေမှာ လုံး၀မရှိသလောက်ဖြစ်နေတယ်။နောက်ပြီးတော့အခု အနေအထားအရ ဒီအမှုတွေကို လိုက်တဲ့ ရှေ့နေတွေက နည်းတယ်။ မလိုက်ရဲကြဘူး။ စစ်ကောင်စီလက်အောက်ခံတွေရဲ့စောင့်ကြည့်ခံရမှာကို စိုးရိမ်ကြတယ်"ဟု ပြောသည်။

စစ်တွေမြို့တွင် မင်းဂံရပ်ကွက်၊ အမြင့်ကျွန်းရွာနှင့်ဗျိုင်းဖြူရွာစသည့် နေရာများအပြင် စစ်တွေမြို့တွင်းရပ်ကွက်အသီးသီးမှ ဖမ်းဆီးခံထားရသူ ရာနှင့်ချီရှိပြီး အများစုကို ပုဒ်မ ၁၇ (၁) ဖြင့်အမှုဖွင့်တရားစွဲဆိုထားသည်။

၎င်းတို့အား အမှုလိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေများမရှိသည့်အတွက် စစ်ကောင်စီ လက်အောက်ခံများကအမှုကို ပုံမှန်စစ်ဆေးခြင်းမရှိဟုလည်းဖမ်းဆီးတရားစွဲခံထားရသူ တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

"တစ်ပတ်ပြီး တစ်ပတ် ရုံးထုတ်တယ်။ ဘာမှလည်းထူးခြားတာမရှိဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ထောင်ကနေပြီးတော့ အချုပ်ကားနဲ့ ထုတ်လာတယ်။ ပြီးတော့ ကားပေါ်က ချပြီးတော့ ရုံးအတက်ပြတဲ့အခါလည်းပြတယ်။ လုံး၀ ကားပေါ်က မချဘဲနဲ့ ပြန်ပြီးတော့ထောင်ကို ပို့တာတွေလည်း ရှိတယ်" ဟု ပြောသည်။

၎င်းတို့အားမတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန်လည်း မိသားစုဝင်များကတောင်းဆိုကြသည်။

ထိုကဲ့သို့ရှေ့နေများ မရှိသည့်အတွက် တရားစွဲဆိုခံထားရသူများမှာ သူတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုမရရှိကြဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

" ဥပဒေကြောင်းအရ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ရှေ့နေဆိုတာလိုတယ်။ အများစု ပြည်သူတွေက ဥပဒေကြောင်း နားမလည်တော့ တောင်းဆိုဖို့မတတ်ကြဘူး။ ဒါပေမယ့် အခုက သူတို့အတွက်လိုက်ပေးမယ့် ရှေ့နေကလည်း မရှိဘူး။ ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ ရှေ့နေမရှိရင် ထောင်မကျသင့်ဘဲကျတာတွေ ရှိတယ်" ဟု ပြောသည်။

၇ခိုင်တွင်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပွား ပြီးနောက် စစ်တွေရှိ အပြစ်မဲ့ပြည်သူများကိုစစ်တပ်က နေ့၊ ည အချိန်မရွေး ဝင်ရောက် ဖမ်းဆီးပြီးပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုနေကြခြင်းဖြစ်သည်။

ဓာတ်ပုံ- ပုံဟောင်း

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.