တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

သံတွဲအကျဥ်းထောင်ကို AA က ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် စစ်သားနှင့် ရဲသားအများအပြားဖမ်းမိ (နိုင်ကျဥ်းအပါအဝင် အကျဉ်းသား ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ဟုဆို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့အကျဥ်းထောင်ကို အာရက္ခတပ်တော် (AA)က ဝင်ရောက်စီးနင်း တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သား ၅၀ ခန့် ဖမ်းမိပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၀၀ ကျော်ကို ကယ်ထုတ်ထားသည်ဟု သံတွဲမြို့ခံ စစ်ရေးလေ့လာနေသူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

"သံတွဲအကျဥ်းထောင်ကို အေအေက ဝင်စီးတာလေ။ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၅၀ နီးပါး ဖမ်းဆီးရမိတယ်လို့သိရတယ်။ ပြီးတော့ အကျဥ်းသား တချို့နဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်လောက်ကိုလည်း အေအေက အဲ့ဒီနေ့က ဘေးလွတ်ရာကို ကယ်ထုတ်ထားတယ်လို့ ကြားတယ်" ဟု ပြောသည်။

သံတွဲမြို့ရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို AA က ပြီးခဲ့သည် ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေပိုင်းက ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

ကယ်ထုတ်ခံထားရသည့် အကျဥ်းသားများမှာ ခိုး၊ ဆိုး၊ လုယက်မှုနှင့် ဖမ်းဆီးခံထားရသည့် အကျဥ်းသားများ၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ(၅၀၅)ကနှင့် ဖမ်းဆီးခံထားရသူများလည်း ပါဝင်သည်ဟု သိရသည်။

သံတွဲမြို့အကျဉ်းထောင်အနီး AA နှင့် စစ်ကောင်စီတပ်တို့ ၃ ရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲအကျဉ်းထောင်ကို ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်

ထောင်အနီးအနားကို စစ်ကောင်စီက ဗုံးကြဲ၍ ကားပြင်ရုံတွင် ကျရောက်ပေါက်ကွဲပြီး အရပ်သား သေဆုံးမှုများရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အတူ သံတွဲမြို့တွင်းကိုလည်း AA က ဇူလိုင်လ ၁၆ ရက်တွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်ဟုလည်း သိရသည်။

ယင်းအပြင် သံတွဲမြို့အတွင်းရှိ ခရိုင်ပြည်သူ့ဆေးရုံကိုလည်း စစ်ကောင်စီတပ်က ဇူလိုင်လ(၁၅)ရက်နေ့က လေကြောင်းမှ ဗုံးကြဲရာ ပျက်စီးမှုတချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့၏ သံတွဲမြို့သိမ်း တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သားအများစုသေဆုံးကာ လက်ကျန် တပ်သားများသည် စစ်ကားများနှင့် ဇလွန်ရွာဘက်ကို ဆုတ်ခွာတပ်စွဲ လျက်ရှိသည်ဟုသိရပါသည်။

ထို့ပြင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် သံတွဲဒေသခံ ၄၀၀ နီးပါးကိုလည်း AA က ဘေးကင်းလုံခြုံသည့် နေရာအား ကယ်တင်ထားကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့နယ်တွင်ရှိသည့် စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA က သိမ်းပိုက်ပြီးနောက် သံတွဲမြို့ပေါ်ကိုပါ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုထားသောလည်း အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ