တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူ၊ မဒေးကျွန်းရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်တိုက်ကို ဖောက်ပြီး သေနတ် ၁၀ လက်နဲ့ ကျည်ဆံ ၃၀၀၀ ကျော် ယူဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇူလိုင် ၁၈ / ၂၀၂၄

တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတည်ရှိရာ ကျောက်ဖြူ မဒေးကျွန်း ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် လက်နက်တိုက်ဖောက်ထွင်းကာ ရှိသမျှလက်နက်ခဲယမ်းများကို ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ယင်းသို့လက်နက်တိုက်ဖောက်ယူထွက်ပြေးသူမှာ ရဲတပ်သား ကျော်နုဆိုသူဖြစ်ပြီး ယမန်နေ့ဇူလိုင်လ ၁၇ ရက် မနက်အစောကြီး ကင်းစောင့်တာဝန်ကျနေစဥ် လက်နက်တိုက်ကို ဖောက်ယူကာ ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ပြောသည်။

" ထွက်ပြေးသွားတာကတပ်သားကျော်နု။ ရဲတွေကိုင်တဲ့ G-3 အမျိုးစားသေနတ်တွေနဲ့ G-4 အမျိုးအစား သေနတ်နဲ့အားလုံး သေနတ် (၁၀)လက်ပါသွားတယ်။ ကျည်ဆံလည်း သုံးထောင်ကျော် လောက်ပါသွားတယ်။ ကျည်ကပ်တွေနဲ့ လက်ပစ်ဗုံးတွေလည်းပါသွားတယ်လို့ သိရတယ်" ဟု သူကပြောသည်။

တပ်သားကျော်နုနှင့်အတူ G-3 အမျိုးအစား သေနတ် ၈ လက်၊ G-4 ၁ လက်၊ MA 94 ၁ လက်နှင့် ကျည်ဆန် ၃,၀၀၀ ကျော်၊ လက်ပစ်ဗုံး ၂ လုံးတို့ပါသွားကြောင်း သိရှိရသည်။

တပ်သားကျော်နု လက်နက်တိုက်ဖောက်ထွင်းယူဆောင်ထွက်ပြေးသွားပြီးနောက် မဒေးကျွန်း ရဲစခန်းတွင် အရာရှိများကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်နှစ်လက်သာ ကျန်ရှိခဲ့ကြောင်း သတင်းရင်းမြစ်ကဆက်ပြောသည်။

" စခန်းမှာ ဒုရဲအုပ်တွေ၊ အရာရှိတွေကိုင်တဲ့ ခြောက်လုံးပြူးနှစ်လက်ပဲကျန်ခဲ့တယ်လို့သိရတယ်။ ဘယ်လို ယူဆောင်သွားတယ်ဆိုတာတော့ လမ်းကြောင်းကို ပြောလို့ မရဘူး။ တစ်ဖက်အဖွဲ့အစည်းနဲ့ အချိန်းအချက်လုပ်ပြီး ယူဆောင်သွားတာလည်းဖြစ်နိုင်တာပါဘဲ" ဟု သူက ပြောသည်။

လက်နက်တိုက်ဖောက်ယူသွားသည့် ရဲတပ်သားအား စစ်ကောင်စီတပ်က အပူတပြင်း လိုက်လံ ရှာဖွေနေပြီး ယနေ့ဇူလိုင်လ ၁၈ ရက်၊ မွန်းလွဲပိုင်းကလည်း ကျောက်ဖြူမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ခန့် မဒေးကျွန်းသို့ထွက်ခွာသွားကြောင်း ကျောက်ဖြူမြို့ခံစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

လက်နက်ခဲယမ်းအ​မြောက်အများနှင့်ထွက်ပြေးသွားသည့် ရဲတပ်သားမှာ အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်ရန်ထွက်ပြေးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေးပြောဆိုကြသည်။

(ဓာတ်ပုံ- မဒေးကျွန်းရေနံဆိပ်ကမ်း)

ဆက်စပ် သတင်းများ