တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဂွမြို့နယ်မှ ဧရာဝတီသို့သွားသည့် လမ်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ငွေညှစ်တောင်းယူမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ ဇူလိုင် ၁၉/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်မှ ဧရာဝတီတိုင်းသို့သွားသည့် ကားလမ်းပေါ်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက ဒေသခံခရီးသွားလာသူများထံမှ ငွေညှစ်တောင်းယူမှုများရှိနေသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်၏တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်မှ ဧရာဝတီတိုင်းသို့သွားသည့် ကားလမ်းတွင် စစ်ကောင်စီတပ်၏ ဗေဒါစစ်ဆေးရေးဂိတ်၊ မောင်းတံစစ်ဆေးရေးဂိတ်၊ ကျောက်ခဲချောင်းစစ်ဆေးရေးဂိတ်နှင့် ရေနံ့သာစစ်ဆေးရေးဂိတ်တို့ရှိပြီး ယင်းဂိတ်အသီးသီးက အတင်းအဓမ္မ ငွေညှစ်တောင်းယူနေခြင်းဖြစ်သည်ဟု ဂွမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

"ဂွမြို့နယ်ကနေ စထွက်ကတည်းက စစ်ဆေးတာပဲ။ ဂိတ်တွေလည်းများတယ်။ နာမည်မရှိဘဲ စစ်ဆေးရေးဂိတ်တွေလည်းရှိတယ်။ အဲ့ဂိတ်တွေဆို ပိုပြီးငွေညှစ်တယ်။ အချိန် အကြာ ကြီးလည်း စစ်ဆေးတယ်။ ဆိုင်ကယ်တစ်စီးက ဘယ်လောက်ပေးရမယ်။ ကားတစ်စီးက ဘယ်လောက်ပေးရမယ်ဆိုပြီး ငွေတောင်းတယ်" ဟု ပြောသည်။

ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅ သောင်း၊ ကားတစ်စီးလျှင် ကျပ် ၁ သိန်းစသည်ဖြင့် ပေးရကြောင်း သိရသည်။

ဂွမြို့နယ်နှင့် ရခိုင်ရှိ တခြားမြို့နယ်များမှ ဒေသခံများ ဧရာဝတီတိုင်းဘက်သို့ တနိုင်တပိုင် ခရီးသွားကုန်သွယ်သွားလာလျင်လည်း သယ်ယူလာသည့်ကုန်ပစ္စည်း အနည်းနှင့်အများ၊ အမျိုးအစားပေါ်မှုတည်ပြီး အဆိုပါစစ်ဆေးရေးဂိတ်များက ငွေညှစ်တောင်းယူနေဟုလည်း သိရသည်။

ယင်းအပြင် ရခိုင်မှ ရန်ကုန်သို့သွားသည့် လူငယ်များသည် သက်ဆိုင်ရာ၏ စစ်တပ် အရာရှိများနှင့် လဝကတို့၏ ထောက်ခံချက်စာရွက်များပါလာသော်လည်း အချိန်ကြာမြင့်စွာ စစ်ဆေးခံရခြင်း၊ ငွေညှစ်တောင်းယူခံရပြီး သွားလာခွင့်မပေးခြင်းတို့ ခံနေကြရသည်ဟုလည်း သိရသည်။

ဂွမြို့နယ်မှ အရပ်သားလူငယ်တစ်ဦးက "တချို့လူငယ်တွေဆို သက်ဆိုင်ရာ အထက်အရာရှိ ထောက်ခံစာတို့၊ လဝထောက်ခံစာတို့ပေါ့နော်။ ဒါပေမဲ့ သွားခွင့်ရလားဆိုတော့ မရဘူး။ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကိုပဲသွားခွင့်ပေးတယ်။ အရပ်သားလူငယ်တွေဆို မသွားရဘူး။ ငွေတောင်းလို့ ငွေပေးလိုက်ရတယ်။ မသွားရဘဲ သောင်တင်ကျန်လိုက်ကြတာတွေရှိတယ်" ဟု ပြောသည်။

စစ်တပ်အရာရှိများနှင့် လဝကတို့ထံမှ ထောက်ခံချက်စာရွက်များတောင်းခံရာတွင်လည်း ငွေကြေး အမြောက်အများပေးဆောင်ရကြောင်း သိရသည်။

ဂွမြို့တွင် စစ်ကောင်စီတပ်၏ ခမရ (၅၆၃)တပ်ရင်းနှင့် ခမရ (၅၆၂)တပ်ရင်းတို့ရှိသည်။

ဂွမြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာမဖြစ်သေးသော်လည်း ယင်းတပ်ရင်းတို့တွင် ခြံစည်းရိုး အခိုင်အမာတပ်ဆင်ခတ်ထားခြင်း၊ ဂွမြို့နယ်ရှိတောင်ကုန်းများတွင် လက်နက်ကြီး အထိုင်စခန်းချခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းစသည့် စစ်ရေးလှုပ်ရှားမှုများ စစ်ကောင်စီတပ်က လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

(ပုံစာ  - ယခုလအတွင်း ဂွမြို့နယ်မှ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ