တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အိန္ဒိယ မီဇိုရမ်- ပလက်၀လမ်းကို စားသောက်ကုန်များသယ်ယူရန် ပြန်ဖွင့်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

(စက်သုံးဆီများနှင့် ဆေးဝါးများကို ကန့်သတ်ထားဆဲ)


မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၁၉ / ၂၀၂၄

ရခိုင်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းများသွားရောက်  ဝယ်ယူနေသည့် လမ်းကို ပြီးခဲ့လက ပိတ်ထားခဲ့ရာမှ ယမန်နေ့တွင် စားသောက်ကုန်များသယ်ယူခွင့်ကို ပြန်ဖွင့် ပေးလိုက်ပြီဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး ကုန်ကားအများအပြား ရခိုင်ဘက်သို့ထွက်ခွာသွားကြပြီဟု အိန္ဒိယဘက်သို့ကုန်ပစ္စည်းများသွားရောက်ဝယ်ယူနေသည့် ရခိုင်မှ ကုန်သည်တစ်ဦးက နိရဥ္စရာကို ပြောသည်။

"မနေ့က ပြန်ဖွင့်ပေးလိုက်တယ်။ ကျနော်တို့ရှိနေတာက တီတွင်းဘက်သွားတဲ့ ဂိတ် လမ်းကြောင်းပါ။ တခြားလမ်းတွေကလည်း ကုန်ကားတော်တော်များများ ရခိုင်ဘက်ကို ထွက်သွားကြပါပြီ" ဟု ပြောသည်။

ယင်းသို့ပြန်လည်ဖွင့်ပေးရာတွင် စက်သုံးဆီများနှင့် ဆေးဝါးများကို ဖြတ်သန်း သယ်ဆောင်ခွင့် မပေးသေးဘဲ စားသောက်ကုန်ပစ္စည်းများအတွက်သာ ဖွင့်ပေးခြင်းဖြစ်သည်ဟု အိန္ဒိယရောက် နောက်ထပ်ရခိုင်ကုန်သည်တစ်ဦးက နိရဥ္စရာကိုပြောသည်။

"လမ်းကတော့ ပြန်ဖွင့်ပေးလိုက်ပြီ။ ဒါပေမဲ့ ကန့်သတ်ကုန်တွေလည်း ရှိပါသေးတယ်။ လောင်စာဆီတွေ၊ အင်ဂျင်ဝိုင်တွေဘာတွေပေါ့လေ။ ဆေးဝါးတွေလည်း သယ်ယူခွင့် မပြုသေးဘူး"ဟု ပြောသည်။

ကန့်သတ်ကုန်များအတွက် မည်သည့်အချိန်ပြန်ဖွင့်ပေးမည်ကိုမသိရသေးဟုပြောကြပြီး အမြန်ဆုံးပြန်ဖွင့်ပေးရန်လည်း တောင်းဆိုနေကြသည်။

ရခိုင်တွင် စစ်ကောင်စီက ပြည်မနှင့်ဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားသည့် အတွက် ရခိုင်ကုန်သည်များသည် ကျောက်တော်မြို့မှတဆင့် လမ်းခရီးခက်ခဲစွာဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့သွားရောက်ကာ စားကုန်များ ဖြစ်သည့် ပဲဆီ၊ မုန်ညှင်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ မုန့်ပဲသရေစာများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီနှင့် ဆေးဝါးများကို အဓိကဝယ်ယူကာ ရခိုင်ပြည်သို့ တင်သွင်းနေကြရခြင်း ဖြစ်သည်။

ယင်းသို့တင်သွင်းနေရစဥ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်နေထိုင်သည့် လိုင်ချင်းလူမျိုးစုများဖြင့် ဖွဲ့စည်းထားသော ဗဟိုလိုင်လူငယ်အသင်း(CYLA)က ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှစတင်ကာ ရခိုင်သို့ကုန်ပစ္စည်းများသယ်ယူနေကြသည့်လမ်းကြောင်းအားလုံးကို မီဇိုရမ်မြို့ဘက်ခြမ်းကနေ ရုတ်တရက် ပိတ်ပင်ခဲ့သည်။

CYLA က သူတို့ဒေသကနေ သယ်ယူသည့်ကုန်ပစ္စည်းများကို အာရက္ခတပ်တော်(AA)က ချင်းလက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်ရာတွင် ရိက္ခာအဖြစ် အသုံးပြုနေသည်ဟု စွပ်စွဲချက်ဖြင့် ပိတ်ပင်တားမြစ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ပိတ်ပင်ခဲ့စဥ်ကာလအတွင်းကလည်း ရခိုင်သို့တင်သွင်းသည့် စက်သုံးဆီပေပါ အမြောက်အများကို CYLA က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခြင်း၊ ရေထဲသို့ သွန်ချပစ်ခြင်းနှင့် အချို့ကို လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းများကို ပြုလုပ်ခဲ့သည်။

ယင်းအပြင် အိန္ဒိယသို့ရောက်ရှိနေကြသည့် ရခိုင်ကုန်သည်များသည်လည်း ကုန်ပစ္စည်း ဝယ်ယူထားပြီးမှ ရခိုင်သို့ပြန်သယ်ဆောင်မရဘဲ သောင်တင်နေခဲ့ကြကြောင်း သိရသည်။

CYLA ၏ ယခုလုပ်ရပ်ကြောင့် ရခိုင်ကုန်သည်များတွင် ကျပ်သိန်းထောင်နှင့်ချီ ဆုံးရှုံးခဲ့ရသလို ရခိုင်တွင်လည်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များပြတ်လပ်ကာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်ခဲ့မှုများကိုဖြစ်ပေါ်စေခဲ့သည်ဟု ရခိုင်မှ ဒေသခံများက ပြောသည်။

ဓာတ်ပုံ - လောင်တလိုင်ခရိုင် CYLA အဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (Photo - CYLA)

 

ဆက်စပ် သတင်းများ