တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

AA က ပစ်ခတ်သည့် လက်နက်ကြီးကျည် အမ်းနပခဌာနချုပ်ထဲ ကျရောက်ပေါက်ကွဲ၍ အဆောင်တချို့ပျက်စီးပြီး အသေအပျောက်ရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 6.5k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၄

အာရက္ခတပ်တော် ( AA) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ထဲ ကျရောက်ပေါက်ကွဲသဖြင့် အဆောင်တချို့ ပျက်စီးကာ လူအသေအပျောက်တချို့ ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒေသအတွင်းမှ  စစ်ရေးအခြေအနေများကို စောင့်ကြည့်နေသည့် လူမှုရေးလှုပ်ရှားနေသူ တစ်ဦးက  “ လက်ရှိအခြေအနေကတော့ လက်နက်ကြီး ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်။ နပခအတွင်း ကိုလည်း အေအေကပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေကျလို့ အဆောင် ပျက်စီးတာတွေ ရှိတယ်။ တပ်သားတွေလည်း အသေအပျောက်ရှိတယ်လို့သိရတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာကိုတော့ မသိရသေးဘူး။  ဒဏ်ရာရတဲ့သူတွေကိုတော့ တပ်ဆေးရုံမှာ ဆေးကုသ နေရတယ်လို့တော့ သိရတယ်” ဟုပြောသည်။

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မဲတောင်ရှိ စစ်ကောင်စီကာကင်းစခန်းများကို အေအေက ပြန်လည်ထိုးစစ်ဆင်နေပြီး တိုက်ပွဲမှာ ဇူလိုင် ၁၇ ရက်မှစ၍ ပိုပြီး ပြင်းထန် လာသည်ဟု ၎င်းက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ သံတွဲကို အေအေက ထိန်းချုပ်ထားပြီးနောက်ပိုင်း အမ်းဖက်ကို ပိုပြီးအားစိုက်ပြီး ပြန်လည် တိုက်ခိုက်လာတာကိုတွေ့ရတယ်။ နပခကိုလည်း တိုက်နေတယ်။ မဲတောင်ကိုလည်း တိုက်နေတယ်။ လက်နက်ကြီးပစ်သံတွေကိုတော့ ကြားနေရတယ်” ဟုပြောသည်။

အာရက္ခတပ်တော်သည် လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၅ မိုင်ခန့်ကွာဝေးသည့် ဆောက်လုပ်ရေးတပ်၊ ဆက်သွယ်ရေးတပ်တို့အား ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အနီးအနား ဝန်းကျင်တွင်လည်း ထိတွေ့ တိုက်ပွဲများဖြစ်လျက်ရှိသည်ဟု ၄င်းက ပြောသည်။

အာရက္ခတပ်တော်က လက်နက်ကြီးကျည်များပစ်ခတ်မှုကြောင့် အမ်း နပခအတွင်းမှ အဆောင်တချို့ပျက်စီးသွားပြီး တပ်သားတစ်ချို့အသေအပျောက်ရှိနေသည်ဟု ကြားသိ ရကြောင်း စစ်တပ်မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးကလည်း နိရဥ္စရာသတင်းဌာန ကို‌ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အခိုင်အမာစစ်စခန်းများဖြင့် ဝိုင်းရံထားသည့် စစ်ကောင်စီ၏ အရေးပါသည့် အမ်းအခြေစိုက်တပ်ရင်း ခမရ  (၃၇၁)၊ ခမရ(၃၇၂)နှင့် ခမရ (၃၇၃) ရှိသည်ဟု သိရသည်။

အမ်းမြို့နယ်မှ တောဟိန်းတောင်ဗျူဟာကုန်း၊ လုံးကောက်ကျေးရွာအနီးရှိ လုံးကောက် ထောင်ပို့စခန်း တစ်ခုနှင့် ခမရ(၃၇၂) ကို အာရက္ခတပ်‌တော်မှ သိမ်းပိုက်ထားပြီး နောက်ထပ် ကျန်ရှိနေသေးသည့် တပ်ရင်းများနှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်း စစ်ရေး သတင်းအရင်း အမြစ်များက ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို စစ်ကောင်စီ၏လေကြောင်းကာကွယ်ရေးတပ်မှ ၁၂ လုံးပစ်အတွဲလိုက် ရော့ကဒ်ဒုံးများဖြင့် ပစ်နေပြီး ခမရ (၃၇၃)နှင့် တမိုင်ကုန်းဖက်မှလည်း လက်နက်ကြီးပစ်ကူများ ပစ်ခတ်နေကြောင်း သိရသည်။

အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မကွေး၊ ဧရာ၀တီမှ သင်တန်းသားသစ်များနှင့် စစ်တွေမှ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်များဖြင့် အင်အားဖြည့်တင်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ