(ဒေသခံပြည်သူများစားနပ်ရိက္ခာ၊ ဆေးဝါးများရရှိရန်ခက်ခဲလာ)
သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၂၁/ ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီမှ မြို့အဝင် အထွက်ပြုလုပ်နေသည့်ဂိတ်များနှင့် ကုန်းလမ်း ရေလမ်းများကိုပါ ထပ်မံ တင်းကျပ် ပိတ်ဆို့ထားလိုက်သဖြင့် မြို့ခံများအခက်တွေ့နေကြောင်း သတင်းရရှိသည်။
တောင်ကုတ် ဒေသခံ တစ်ဦးက “စစ်ရေးအခြေအနေကတော့ အေးဆေးပါပဲ။ ဒါပေမယ့် အခုလက်ရှိ မြို့ကလူတွေကို မြို့ကနေပြီး တခြား နေရာတွေကို သွားလို့မရတော့ဘူး။သံတွဲဖက်ကိုသွားတဲ့လမ်း။ ရွာမ-လမူး-မအီသွားတဲ့လမ်းနဲ့ ရိုးလမ်းတွေကိုပိတ်လိုက်ပြီး။ လုံး၀သွားလို့မရတော့ဘူး။ တောင်ကုတ် တမြို့လုံး ပတ်ပတ်လည်ကဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားတာပါ။ တောင်ကုတ်ကလွဲပြီး တခြားနေရာတွေကို သွားလို့မရ။ရေလမ်းက စက်လှေနဲ့ သွားတဲ့ သူတွေတောင် သွားခွင့်မပြုလို့ မြို့ထဲကိုပြန်လာ၇တယ်။ မြို့တွင်းမှာပိတ်မိနေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီမှ အရေးပါသည့် မြို့ဝင်ပေါက်များကိုပိတ်ထားသည့်အတွက် စားဝတ်နေရေးအပြင်ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲနှင့်ရင်ဆိုင်နေ၇သည်ဟု ၄င်းအမျိုးသမီးကဆက်ပြောသည်။
“ ဘာအခက်အခဲလဲဆိုရင် စားဝတ်နေရေးအပြင်ဆေးဝါးတွေမရှိဘူး။ ဆေးရုံမှာသူနာပြုတွေ ဆရာဝန်တွေက အစမရှိဘူး။လက်နက်ကြီးပစ်ခတ်ကတည်းကကြောက်လန့်ပြီး ထွက်ပြေးသွားကြပြီ။ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းကဆေးရုံက အရေးပေါ်လူနာတွေကို ပြလို့ မရတော့ဘူး။ ဆေးတွေလည်း ဝယ်မရတဲ့အနေအထားရှိတယ်။ ကျမဆိုရင် ကလေးရှိတော့ ကလေးအတွက် ဆေးထိုးဖို့ ဆေးရုံမှာ OG မရှိဘူး။ အားဆေးသောက်နေရတဲ့ကလေးက အားဆေးမသောက်ရတော့ကျန်းမာရေးတွေဆိုးလာတယ်။ အဲ့လိုကြုံနေ၇တယ်” ဟုပြောသည်။
တောင်ကုတ်တွင် လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း နယ်နမိတ်ချင်းထိစပ်နေသည့်မြို့နယ်တောင်ဘက် သံတွဲမြို့နယ်နှင့် မြို့နယ် မြောက်ဘက် အမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
တောင်ကုတ်မြို့ကိုလည်း အေအေက တိုက်ခိုက်လာသည်ဟု သတင်းများထွက်ပေါ်နေသဖြင့်စစ်ကောင်စီမှ ယခုဇူလိုင်လမှစတင်၍ မြို့လုံခြံရေးကိုပိုမို တင်းကျပ်လိုက်ပြီး မြို့အဝင်အထွက် လမ်းများကို ပိတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ပိတ်လိုက်သဖြင့် မြို့ခံများမှာကုန်စည်စီးဆင်းမှု၊ ကျန်းမာရေးနှင့် စားဝတ်နေရေးကျပ်တည်းပြီးမြို့တွင်းပိတ်မိနေကြသည်ဟု တောင်ကုတ်မြို့ခံ ကလေးမိခင်တစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။
တောင်ကုတ်က စစ်ကောင်စီတပ်ရင်းနှင့် စစ်ဆေးရေးဂိတ်များတွင်လည်းပြည်မဖက်မှ စစ်မှုထမ်း သင်တန်းဆင်း ပြည်သူ့စစ်များဖြင့်အင်အား ဖြည့်တင်းထားပြီး အာရက္ခတပ်တော်၏ထိုးစစ်ကို ဟန့်တားရန်အတွက် လုံခြုံရေး အပြည့်အ၀ယူထားသည်ဟုစစ်ရေး လေ့လာ စောင့်ကြည့်နေသူ တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။
“ အခုသံတွဲရယ် အမ်းရယ်တိုက်ပွဲတွေပြင်းနေတယ်။တောင်ကုတ်က ကြားမှာရှိနေတယ်။ နောက်ထပ်တိုက်ပွဲကတောင်ကုတ်ကိုနီးကပ်လာတယ်လို့ပြောလို့၇မယ်ထင်တယ်။ မြို့အဝင်အထွက်ကိုလုံး၀တင်းကျပ်ထားတယ်။ လူသွားလူလာတွေကို စစ်ကောင်စီကစောင့်ကြည့်နေတာတွေရှိတယ်။ တိုက်ပွဲမရှိသေးပေမယ့် စစ်ရေး တင်းမာနေတဲ့ အနေအထားရှိတယ်”ဟုပြောသည်။
ရခိုင်ပြည်တောင်ပိုင်းမှ အဓိက ဗဟာဗျူဟာအရ အရေးပါသော သံတွဲမြို့ကိုအာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးအရခြိမ်းခြောက်ခံလာ၇သည့် စကခ (၅) အခြေစိုက်ရာ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က မြို့လယ်ခေါင်ရှိ အထပ်မြင့် အဆောက်ဦများပေါ်တွင် နေရာယူပြီး မြိုထဲတွင်ကင်းပုန်းဝပ်ခြင်းများကို ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။
၇ခိုင်ပြည်တွင် စစ်ကောင်စီ၏ စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ် (စကခ) ၃ ခု တည်ရှိရာစကခ ၂ ခုကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး တောင်ကုတ် အခြေစိုက် စကခ (၅) ဌာနချုပ် တစ်ခုသာ ကျန်ရှိတော့သည်ဟုသိ၇သည်။ တောင်ကုတ် စကခ (၅) သည် အာရက္ခတပ်တော်မှနောက်ထပ် သိမ်းပိုက်မည့် စာရင်းထဲတွင် ထိပ်ဆုံးစာရင်းမှ ပါဝင်နေပြီး လက်ရှိတွင်ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် အနေအထားတွင် ရှိနေသည်။