ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇူလိုင် ၂၂ / ၂၀၂၄
ရခိုင်အသင်း(ကိုရီးယား)အပါအဝင် ပြည်တွင်းပြည်ပအလှူရှင်အဖွဲ့အစည်းများက စားဝတ်နေရေး ခက်ခဲနေသည့်တောင်ကုတ်မြို့မှ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၁၈၀၀အတွက် ဆန်နှင့် စားနပ်ရိက္ခာများလှူဒါန်းပေးခဲ့ကြောင်း သိ၇သည်။
အဆိုပါစားနပ်ရိက္ခာလှူဒါန်းမှုကိုတောင်ကုတ်မြို့မှ ဗြဟ္မစိုရ်ဖောင်ဒေးရှင်းမှမြေပြင်ကွင်းဆင်း လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ဇူလိုင်လ ၂၁ ရက်တွင် ကိုင်းရှည်ရပ်ကွက်၊ သိမ်တောင်၊ အောင်ချမ်းသာ ရပ်ကွက်များနှင့်ဝဲကြီး၊ရေလယ်ကျွန်း၊ အောင်သုခ၊ သာယာအေး ကျေးရွာများသို့ဆန်လှူဒါန်းခဲ့ကြောင်း ဗြဟ္မစိုရ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးပုညနန္ဒက မိန့်ကြားသည်။
" မနေ့ကတော့စတုတ္ထအကြိမ်အဖြစ် ဆန်ရိက္ခာသွားရောက်လှူဒါန်းပါတယ်။ ပြည်တွင်းပြည်ပ အလှူရှင်အဖွဲ့အစည်းတွေက လှူဒါန်းတာတွေကို စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို သွားရောက်လှူဒါန်းတာပါ။" ဟုဦးပုညနန္ဒက မိန့်ကြားသည်။
ယမန်နေ့ကအိမ်ထောင်စု ၆၃၀ အတွက် တစ်အိမ် ထောင်စုလျှင် ဆန် ၂ပြည်နှင့် ၂ ပြည်ခွဲအသီးသီး လှူဒါန်းခဲ့ကြောင်းသိရှိ၇သည်။
ယင်းအပြင်ဇူလိုင်လ ရ ရက်က အိမ်ထောင်စု ၅၂၀ ၊ ဇူလိုင်လ ၂ ရက်က အိမ်ထောင်စု ၁၅၀ ၊ ဇွန်လ ၃၀ ရက်က ၅၀၀ တို့အတွက် ဆန်၊ ငနီတူ ၊ ငရုတ်သီးများ လှူဒါန်းပေးခဲ့ကြောင်း ဦးပုညနန္ဒက ဆက်လက် မိန့်ကြားသည်။
" ပထမအကြိမ်နဲ့ဒုတိယအကြိမ်မှာ တစ်အိမ်ထောင်စုကို ဆန် လေးပြည်နဲ့ ငါးနီတူတို့၊ ငရုတ်သီး တို့လည်းလှူဒါန်းခဲ့တယ်။ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်မှာတော့ ဆန်သီးသန့်လှူဒါန်းတာပါ" ဟုနိရဥ္စရာသို့မိန့်ကြားသည်။
အဆိုပါစားနပ်ရိက္ခာလှူဒါန်းမှုများအတွက်အလှူငွေများကို ရခိုင်အသင်း(ကိုရီးယား)၊ ရခိုင်သွီးမှန်ကေ စည်းလုံးကတ်မေပရဟိတအသင်း၊ စာရေးဆရာပရဟိတသမားဝေဟင်အောင်အပါအဝင် ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင်ရောက်ရှိနေသည့် စေတနာရှင်များနှင့် တစ်သီးပုဂ္ဂလအလှူရှင်များကထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိ၇သည်။'
ဇွန်လ၁၅ ရက်က တောင်ကုတ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကမြို့ခံ ပြည်သူများကိုလွတ်လပ်စွာသွားလာခွင့်မပေးဘဲ ပိတ်ဆို့ထား၍အခြေခံ လက်လုပ်လက်စား ပြည်သူများမှာအလုပ်လက်မဲ့များပြားလာကာ စားဝတ်နေရေးအလွန်ကျပ်တည်းနေခြင်းဖြစ်သည်။
ယင်းအထဲတွင်စားသောက်ကုန်ပစ္စည်းဈေးနှုန်း အဆမတန်ကြီးမြင့်မှုကြောင့် ပြည်သူများမှာတစ်နပ်စာထမင်းစားရရေးကို အနိုင်နိုင်ရုန်းကန်နေကြရကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောဆိုကြသည်။