တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

သံတွဲနှင့် ကျိန္တလီအကြားတွင် တိုက်ပွဲဖြစ် ( စစ်ကောင်စီကား ၅စီးဖြင့် စစ်ကူတက်သွားဟု ဒေသခံများပြောဆို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဇူလိုင် ၂၂/ ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့နှင့် ကျိန္တလီ မြို့အကြား၊ သံတွဲမှ တောင်ဘက် မိုင် ၂၀ အကွာ ကျောက်ကြီးဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်ကူကား ၅စီး ဆပ်သွားကနေ တောင်ဘက် ကျိန္တလီမြို့သို့ ထွက်ခွာသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

“ကျောက်ကြီးဆိုတာက သံတွဲကနေ တောင်ဘက် မိုင် ၂၀အကွာ၊ ကျိန္တလီမြို့က ဆိုရင်လည်း မြောက်ဘက် မိုင် ၂၀ အကွာ၊ အလယ်မှာ တည်ရှိတယ်။  အဲဒီမှာ ကျောက်ကြီးရွာ နောက်ကြောဘက်မှာ တိုက်ပွဲဖြစ်တာ။ နေ့လယ် ၁ နာရီခွဲမှာ စစ်ကား ၅ စီး ဆပ်သွားတံတားနားမှာတွေ့ခဲ့တယ်။ ကျိန္တလီကို သွားမယ်လို့ သိရတယ်။ ကျိန္တလီက တောင်ဘက် မိုင် ၂၀ အကွာမှာ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။

ကျောက်ကြီးသည် လက်ရှိစစ်ရေးတင်းမာနေသည့် ကွင်းဝိုင်းရေတပ်အနီးရှိ ဇလွန်ကျေးရွာမှ တောင်ဘက် (၁၀) မိုင်အကွာ ကားလမ်းပေါ်တွင် တည်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်သည်ဟု သိရသည်။

နောက်ထပ် ဒေသခံ တစ်ဦးကလည်း ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။

ဒေသခံများ၏ အပြောအရ လက်ရှိ ရခိုင်ပြည် တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ သံတွဲမြို့ကို ကျော်လွန်လာပြီး ဂွမြို့နယ်ဘက်သို့ တဖြည်းဖြည်း ရွှေ့လျားလာနေသည်ဟု ပြောကြားသည်။

လက်ရှိ စစ်ကောင်စီသည် ဂွမြို့မှနေ၍ အေအေ၏ ထိုးစစ်ကို ခုခံရန် အကြီးအကျယ်ပြင်ဆင်နေပြီး ဧရာ၀တီတိုင်းမှ ထုတ်နုတ်အင်အားများအပြင် စစ်မှုထမ်း သင်တန်းသားသစ်များဖြင့် အင်အားများ ဖြည့်တင်းထားသည်ဟု ဒေသခံများက ပြောကြားသည်။

ရခိုင်တွင်ဖြစ်ပွားနေသော စစ်ပွဲမှာ ရခိုင်တောင်ဘက် နယ်နမိတ်ချင်းထိစပ်နေသော ဧရာ၀တီတိုင်းထိ ဂယက်ရိုက်ခတ်လာနေပြီး ငသိုင်းချောင်း၊ သာပေါင်း အပါအဝင် မြို့နယ်အတော်များများတွင် လုံခြုံရေး တိုးချခြင်း၊ ဧည့်စာရင်း အိမ်ထောင်စု စာရင်း စစ်ဆေးခြင်းများကို စစ်ကောင်စီက နေ့ညမပြတ် လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် ဧရာ၀တီတိုင်းအတွင်းသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ဝင်ရောက် မလာရေးအတွက် တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် အုန်းပွဲ၊ ငှက်ပျောပွဲများ ကပ်လှူပြီး ယတြာချေနေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သော အသိုင်းအဝိုင်းကို ကိုးကားပြီး Mizzima တွင် သတင်းဖော်ပြထားသည်။

 

(သတင်းပေးပို့- CJ)

ဆက်စပ် သတင်းများ