Preview

ကျောက်ဖြူ မဒေးကျွန်းရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက် စခန်းတွင် ကျန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအားလုံး ဖမ်းဆီးထိန်းသိမ်းခံရ

ဇူလိုင် ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :2567
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇူလိုင် ၂၃/ ၂၀၂၄

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်ထဲကတရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းများရှိရာမဒေးကျွန်း ရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက်စခန်းတွင်ကျန်ရှိနေသည့်ရဲတပ်ဖွဲ့ဝင်အားလုံးကိုဖမ်းဆီးထိန်းသိမ်းခံရထားကြောင်း သတင်းရရှိသည်။

ဇူလိုင်လ၁၇ ရက် မနက်အစောကြီးက မဒေးကျွန်းရဲစခန်းတွင် ကင်းစောင့်တာဝန်ကျနေသည့်ရဲတပ်သားကျော်နုကလက်နက်တိုက်ဖောက်ယူထွက်ပြေးသွားခြင်းဖြစ်ပြီးစခန်းတစ်ခုလုံးတွင်အရာရှိများကိုင်ဆောင်သည့်ခြောက်လုံးပြူးသေနတ်နှစ်လက်သာ ကျန်ရစ်ခဲ့သည်။

ထိုသို့လက်နက်တိုက်ဖောက်ယူခံ၇ပြီးနောက်ဇူလိုင်လ ၂၀ ရက်ညပိုင်းတွင်မဒေးကျွန်းရဲစခန်းမှရဲတပ်ဖွဲ့ဝင်အားလုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကျောက်ဖြူမြို့မရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း စစ်ရေးနှင့် ဒေသအခြေအနေစောင့်ကြည့်နေ သည့် နိရဥ္စရာ၏ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

" မဒေးကျွန်းစခန်းမှာလက်နက်တိုက်ဖောက်ခံရပြီး နောက်တစ်နေ့မှာပဲ စစ်တပ်ဗျူဟာမှူးအသစ်နဲ့ အင်အား ၇၀လောက်မဒေးကျွန်းကိုလိုက်သွားတယ်။ ဇူလိုင် ၂၀ ရက်ညပိုင်းမှာ မဒေးကျွန်းရဲစခန်းကရဲတွေအားလုံးကိုဖမ်းပြီးကျောက်ဖြူရဲစခန်းကိုပို့လိုက်တယ်"ဟု သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

တပ်သားကျော်နုလက်နက်တိုက်ဖောက်ယူထွက်ပြေးရာတွင် ၄င်းနှင့်အတူ G-3 အမျိုးအစား သေနတ် ၈ လက်၊ G-4 ၁ လက်၊ MA 94 ၁ လက်နှင့် ကျည်ဆန် ၃,၀၀၀ ကျော်၊ လက်ပစ်ဗုံး ၂ လုံးတို့ ပါသွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်အရသိ၇သည်။

ထိုသို့လက်နက်ခဲယမ်းအမြောက်အများနှင့်ထွက်ပြေးသွားသည့် ရဲတပ်သားမှာ အာရက္ခတပ်တော်ထံအလင်းဝင်ရောက်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေးပြောဆိုကြသည်။

လက်ရှိတွင်စစ်ကောင်စီတပ်က မဒေးကျွန်းတွင်တပ်စွဲထားသလို လက်နက်ခဲယမ်းများစွာ ဖောက်ထွင်းယူပြီးစခန်းမှထွက်ပြေးသွားသည့်ရဲတပ်သားကျော်နုအားပိုက်စိပ်တိုက်ရှာဖွေလျက် ရှိကြောင်း သိရှိ၇သည်။

မဒေးကျွန်းနယ်မြေရဲစခန်းသည် တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကို လုံခြုံရေးယူပေးနေသည့်  စခန်းဖြစ်ပြီးစခန်းတွင် စခန်းမှူးအပါအဝင် အရာရှိ ၂ ဦးနှင့် တပ်ဖွဲ့ဝင်၁၀ ဦး၊ စုစုပေါင်း၁၂ ဦး သာရှိကြောင်း သိ၇သည်။

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.