တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် တိုက်ပွဲကာလ ကိုယ်ထူကိုယ်ထ သဘာဝမြေသြဇာ ထုတ်လုပ်ရောင်းချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

နှင်းနွယ်နီ နိရဥ္စရာ၊ ဇူလိုင် ၂၃/၂၀၂၄

ရခိုင်ပြည်တွင် ပြည်တွင်းမှရရှိသော သဘာဝပစ္စည်းများဖြင့် သဘာဝမြေသြဇာကို ကိုယ်ထူကိုယ်ထ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် ဓာတ်မြေသြဇာရှားပါးလာမှုကြောင့် တောင်သူလယ်သမားများအခက်အခဲဖြစ်လာကြမည်ကို စိုးရိမ်၍ ရခိုင်ပြည်မှရရှိသော သဘာဝပစ္စည်းများဖြင့် သဘာဝမြေသြဇာကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း SAP သဘာဝမြေသြဇာ ပိုင်ရှင်က ပြောသည်။

ထုတ်လုပ်ရတာကတော့ မိုးရာသီဆိုရင် လယ်သမားတွေ ဓာတ်မြေသြဇာ အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ တွေးမိတယ်။ ဆန်စပါးတွေ မထွက်နိုင်ဆိုရင် ဒေသတွင်းမှာ ပိုပြီး လူထုတွေ ကျပ်တည်းလာမယ်  အခက်အခဲ ဖြစ်လာနိုင်မယ်လို့ မှန်းပြီးတော့ ဒီဟာကိုဆောင်းရာသီကတည်းက လိုအပ်တဲ့ ကုန်ကြမ်းတွေကို ထုတ်လုပ်ထားတာပေါ့။ ဒေသအတွင်းမှာလည်း တောင်သူလယ်သမားတွေ သုံးနိုင်အောင်ဆိုပြီးတော့ စျေးအပေါဆုံးနဲ့ အမြတ်မပါတဲ့ အတိုင်းအတာတစ်ခုအထိကို တစ်အိတ်ကို  ၂၇၀၀၀ နဲ့ ရောင်းပေးထားတယ်ဟုပြောသည်။

အဆိုပါ SAP သဘာဝမြေသြဇာကို စစ်ဘေးရှောင်ရင်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတစ်ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီကတည်းက စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချနေရပြီဖြစ်ကြောင်း သူက ပြောသည်။

အိတ်‌ရေတော့ လောလောဆယ် ၂၀၀၀ လောက် အဆင်သင့်ရှိနေတယ်။ မိုတွင်းမလို့ ထုတ်လုပ်မှု ပိုင်းတော့ ရပ်သွားပြီ။ အားလုံး ထုတ်ပိုးပြီး ရောင်းဖို့အတွက် ဂိုဒေါင်ထဲ အဆင်သင့်နေပါပြီဟု ပြောသည်။

SAP သဘာဝမြေသြဇာ၌ ဖွဲပြာ၊ စပါးခွံ၊ ပဲဖတ်၊ မုန်ညင်းဖတ်၊ ဆန်မှုန့်၊ ကျောက်မှုန့်၊ မြေဆွေး၊ နွားချေး EM ငါးအမိုင်နိုနှင့် တင်လဲရည်တို့ပါဝင်ပြီး ဒေသအတွင်း လှိုင်လှိုင်ပေါသည့် ပစ္စည်းများဖြင့် စနစ်တကျ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သဘာဝမြေသြဇာသည် ဓာတ်မြေသြဇာကဲ့သို့ ဓာတ်မပါဘဲ အကျိုးပြု ဘက်တီးရီးယားများကို မွေးကာ ပြုလုပ်ထားသည့် သဘာဝမြေသြဇာ ဖြစ်သည့်အတွက် ပျက်စီးနေသည့် မြေများကို အဓိက ပြုပြင်ပေးကြောင်း ထုတ်လုပ်သူက ဆိုသည်။

တိုက်တွန်းချင်တာက လက်ရှိအချိန်မှာ ကိုယ့်ဒေသမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်ပေ့ါ။ ကုန်စျေးနှုန်းတွေကလည်း မြင့်နေတယ်ဆိုတော့ ဓာတ်မြေသြဇာကို သုံးမယ့်အစား ကျနော်တို့ ထုတ်ထားတဲ့ဟာကို သုံးပါ။ ဓာတ်မြေသြဇာ သိန်းဖြစ်နေတဲ့အချိန်မှာ တောင်းလောက်ပဲဝယ်။ ကျနော့်အိတ် အိတ်နဲ့ ရောပြီးကျွေး။ ဒါလည်း ဖြစ်တယ်။ အဲလိုဆိုရင် သက်လည်း သက်သာတယ်။ မြေကိုလည်း ပြင်ပြီးသားဖြစ်သွားတယ် ဟုဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်နှင့် ပြည်မကို ဆက်သွယ်ထားသည့် လမ်းများကို စစ်ကောင်စီက ပိတ်ပင်ထား၍ အဆိုပါ သဘာဝမြေသြဇာတွင် NPK အချိုးအစား မည်မျှပါဝင်သည်ကို စမ်းသပ်ရန် ရန်ကုန်ကို မပို့နိုင်သော်လည်း စနစ်တကျ ထုတ်လုပ်ထားခြင်းကို အာမခံနိုင်ကြောင်း SAP သဘာဝမြေသြဇာ ပိုင်ရှင်က ပြောသည်။

၎င်းသဘာဝမြေသြဇာကို လာမည့်နှစ်တွင် ယခုထက်ပိုပြီး ကောင်းမွန်သည့် ကုန်ကြမ်းများဖြင့် အသေအချာ ပြုလုပ်သွားမည်ဟု ရည်မှန်းထားပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် သင်တန်းများ ကိုလည်း ချိတ်ဆက် သင်ယူသွားဦးမည်ဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။

SAP သဘာဝမြေသြဇာ ၄၀ ကီလိုဂရမ် တစ်အိတ်ကို ငွေကျပ် ၂၇၀၀၀ နှင့် ၂၀ ကီလိုဂရမ် တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀ ဖြင့် ဖြန့်ဖြူးရောင်းချပေးနေပြီး မှာယူလိုလျှင် ၀၉ ၄၁၀၀၀၂၁၂၊ ၀၉ ၆၇၈၀၉၁၃၄၇၊ ၀၉ ၅၆၈၀၆၈၇၊ ၀၉ ၆၅၁၉၉၆၆၉၈ တို့ကို ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။



ဆက်စပ် သတင်းများ