တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီအုပ်ချုပ်ရေးရှိနေသေးသည့် စစ်တွေမြို့တွင်တရားဥပဒေစိုးမိုးမှု လုံး၀မရှိဖြစ်နေကာ နေအိမ်များဖောက်ထွင်းမှုများကို စစ်ကောင်စီအာဏာပိုင်များမှ လစ်လျူရှုထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၂၃/ ၂၀၂၄

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးထိန်လင်းကိုယ်တိုင် ရုံးထိုင်နေပြီး စစ်ကောင်စီ စစ်တပ်နှင့် ရဲများပါ လုံခြုံရေး အပြည့်အ၀ ယူထားသည့် စစ်တွေမြို့တွင် နေအိမ်ဖောက်ထွင်း ခံရမှုများ ဖြစ်ပေါ်နေပြီး  စစ်ကောင်စီက အဆိုပါ ဖောက်ထွင်းမှုများကို လစ်လျူရှုထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ရှိနေသေးသည့် မြို့တော်စစ်တွေတွင် စစ်ရှောင်သွားသည့် မြို့ခံများ၏ နေအိမ်များ ဖောက်ထွင်းခံရမှုများပြားလာသော်လည်း စစ်ကောင်စီက အရေးမယူဘဲ လစ်လျူရှုထားသဖြင့် ဆုံးရှုံးနစ်နာမှုများပြားနေသည်ဟု မြို့ခံအမျိုးသမီး တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

စစ်တွေမှာ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာတယ်။ အဖမ်းအဆီးကတစ်မျိုး။ သူခိုးတွေပေါတာကတမျိုး။ နေအိမ်အသေးတွေတင်မကဘူး။ အိမ်အကြီးကြီးတွေကိုပါ ရစရာမရှိအောင်ဖြိုဖျက်၊ သွပ်တွေကိုဖြုတ်ယူ၊ တန်ဖိုးရှိတာရော၊ မရှိတာတွေရော ခိုးယူခံရတာတွေရှိလာတယ်။ စစ်တွေမှာ ညဖက်ဆို ဘယ်ပြည်သူတွေက အပြင်ထွက်ပြီး သွားနေမလဲ။ စစ်ကောင်စီက ဒါမျိုးကျတော့ လိုက်မဖမ်းဘူး။ ​လစ်လျူရှုထားတယ်လေ။ အပြစ်မဲ့ပြည်သူတွေကိုကျတော့ ရရာဥပဒေပုဒ်မဆွဲပြီး ဖမ်းတယ်။ ပိုက်ဆံတောင်းတယ်ဟုပြောသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်၊ ညဥ့်အချိန်ကလည်း စစ်တွေမြို့လယ် လမ်းမတော်တောင်ရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရ၍ နေအိမ်ရှိပစ္စည်းများ ဆုံးရှုံးသွားကြောင်း သိရသည်။

စစ်တွေမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းမွတ်ဆလင်များနှင့် အပေါင်းအပါများက ပြည်သူများကို မြို့ထဲတွင် မနေနိုင်အောင် အမျိုးမျိုး ခြောက်လှန့်ပြီး ကျန်ရှိခဲ့သည့် နေအိမ်အဆောက်အဦများသည်လည်း ဖောက်ထွင်း ခိုးယူခံရမှုများ နေ့စဥ်နှင့်အမျှရှိနေသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

သူတို့က လစ်လျူရှုထားတာမဟုတ်ဘူး။ စစ်ကောင်စီစစ်သားတွေ၊ ရဲတွေ၊ စစ်သင်တန်းဆင်း မွတ်ဆလင်တွေပါ ခိုးယူဖောက်ထွင်းနေတာလေ။ ညမထွက်ရအမိန့်ထုတ်ထားတာ ဘယ်ပြည်သူက အပြင်ထွက်ရဲမှာလဲနော်။ စဥ်းစားကြည့်ရင် ဘယ်သူလုပ်လဲဆိုတာသိပါတယ်။ ဟိုးအရင်ကတည်းက တရားဥပဒေစိုးမိုးမှုမရှိခဲ့တာ။ အခုဆိုရင်ပိုဆိုးပေါ့ဗျာဟုပြောသည်။

စစ်တွေ‌‌မြို့ခံများမှာ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ​အတွင်းကနေ လက်ရှိ ဇူလိုင်လအထိ မြို့ကိုတဖြည်းဖြည်း စွန့်ခွာပြီး စစ်ဘေးရှောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်၍ လူမရှိသည့် နေအိမ်များမှာ မသမာသူများ၏ ခိုးယူမှု၊ ဖြိုဖျက်မှုနှင့် ရောင်းစားခံရမှုကိုခံနေရပြီး လက်ရှိအချိန်ထိ ကျူးလွန်သူများကို စစ်ကောင်စီက တစုံတရာ အရေးယူမှုမရှိဘဲ လျစ်လျူရှုထားကြောင်း မြို့ခံများက ပြောသည်။


လက်ရှိ စစ်တွေမြို့တွင်ရှိနေသည့် မြို့ခံများကို  စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားပြီး မြို့ပြင်သို့ထွက်ခွင့်မရအောင် အဝင်အထွက်များကို ပိတ်ဆို့ထားကြောင်း သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်တွင် ယခုရက်ပိုင်း ပျံ့နှံ့နေသော စစ်တွေမြို့လယ်ရပ်ကွက် တစ်ခုဖြစ်သည့် လမ်းမတော်ရပ်ကွက်ရှိ မသမာသူတို့၏ဖြိုဖျက်ခြင်းခံနေရသော နေအိမ်တစ်လုံးအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ