Preview

ကျောက်ဖြူရှိ သံဇစ်မြစ်ကို တရုတ်ရေနံတင်သင်္ဘောတွေ အလွယ်တကူဝင်နိုင်ရန်တူးဖော်နေ

ဇူလိုင် ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :1753
ရခိုင် သတင်း

(တူးဖော်ချိန်ငါးဖမ်းခွင့်တားမြစ်ထား၍ ဒေသခံငါးဖမ်းသမားများ ဒုက္ခရောက်ပြီး သဘာ၀ပတ်ဝန်းကျင်ထိခိုက်နိုင်)

မောင်စာဂ၊နိရဥ္စရာ၊ ဇူလိုင် ၂၃/၂၀၂၄

တရုတ်ရေနံသင်္ဘောများအလွယ်တကူဝင်ထွက်သွားနိုင်ရန်ဟုဆိုကာရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းရှိသံဇစ်မြစ်ကို တူးဖော်နေပြီး အချိန် ၂ လကျော် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မဒေးကျွန်းမှရေနံများကိုသယ်မည့် တရုတ်ရေနံတင် သင်္ဘာကြီးများ အလွယ်တကူဝင်ထွက်သွားလာနိုင်အောင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရန်အတွက်ဟုဆိုကာသံဇစ်မြစ် ရေလမ်း ကြောင်းတူးဖော်သည့် စီမံကိန်းကို ဇူလိုင် ၁၅ရက်မှစတင်ကာ စက်တင်ဘာ ၃၀ ရက်အထိ နှစ်လကျော်ကြာတူးဖော်နေခြင်းဖြစ်သည်။

ယင်းသို့တူးဖော်မည်ကိုလည်းဇူလိုင်လ ၃ ရက်တွင် စစ်ကောင်စီက ၄င်းတို့ပိုင်သတင်းစာများမှ တဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဒီစီမံကိန်းလုပ်ငန်းမကြန့်ကြာအောင် လုပ်ငန်းခွင်ဧရိယာ၏ မီတာ ၅၀၀ ပတ်လည်အတွင်းသင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်လှေများဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်းများ မလုပ်ကြရန် တားမြစ်ထားကြောင်း ဖော်ပြပါရှိသည်။

မဒေးကျွန်းဒေသခံဦးသာဇံအောင်က "အခက်အခဲက လုပ်မစားရတော့ စားဝတ်နေရေးကျပ်တည်းတဲ့အနေအထားရောက်သွားမယ်လေ။ ကောင်းကျိုးဆိုတာ တစ်ခုမှမရှိဘူး"ဟုပြောသည်။

သံဇစ်မြစ်ရေလမ်းကြောင်း တူးဖော်သည့်စီမံကိန်းကိုစစ်ကောင်စီလက်အောက်ခံ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ်အစိုး၇ပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် CNPC-SEAP တို့ပူးပေါင်းထားသော အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီလီမိတက် (South-East Asia CrudeOil Pipeline Company limited) တို့က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိ၇သည်။

သံဇစ်မြစ်ကိုတူးဖော်လျှင် မဒေးကျွန်းဒေသခံများနှင့်အတူသံဇစ်မြစ်နှင့် တစ်ဆက် တစ်စပ်တည်းရှိသည့် ကျောက်ဖြူမြစ်၊နောင်တော်ကြီးနှင့်နောင်တော်ချေမြစ်တို့ကိုပါ အားထားမှီခိုလုပ်ကိုင်စားသောက်နေရသည့်ကျေးရွာပေါင်း ၇၀ ကျော်လည်း များစွာ အခက်အခဲဖြစ်သွားနိုင်သည်ဟုကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးဖိုးစံက နိရဉ္စရာကိုပြောသည်။

"သံဇစ်မြစ်အပါအဝင်နောက် ကျောက်ဖြူမြစ်ရော၊ဟိုဘက် နောင်တော်ကြီး၊ နောင်တော်ချေရော၊ အဲဒီဖြစ်တွေကိုအားလုံး အမှီပြုပြီး လုပ်ကိုင် စားသောက်နေရတဲ့ ကျေးရွာတွေဖြစ်တယ်။ အဲဒီရွာတွေအားလုံးကို ထိခိုက်သွားတယ်လေ။ ရေနေသတ္တဝါတွေ၊ သဘာ၀ပတ်ဝန်းကျင်တွေ ပျက်စီးမယ်။ တော်တော်လေး အခက်အခဲဖြစ်လာမယ်"ဟု ပြောသည်။

အဆိုပါဒေသခံများသည်၇ခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပြီးနောက်ဒေသတွင်းကူးလူးသွားလာခွင့်များကိုလည်း စစ်ကောင်စီ၏တင်းတင်းကျပ်ကျပ်ပိတ်ပင်ခြင်းကို ခံနေကြ၇သည်ဟု ဦးဖိုးစံက ဆက်ပြောသည်။

"အဲဒီကြားထဲမှာတစ်ခါအခုရေကြောင်းသန့်ရှင်းမယ်ဆိုပြီးတော့ မသွားရ၊ မလာရ အမိန့်ဥပဒေနဲ့ သူတို့တကယ်လို့တွေ့မိလို့ရှိရင် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီအရေးယူမယ်ဆိုပြီးတော့ အဲလိုကြေညာချက်တွေရှိတဲ့အတွက်ပြည်သူ လူထုတွေဟာ လုပ်ကိုင်စားသောက်နေတဲ့၊ ရေလုပ်ငန်းနဲ့သက်မွေးဝမ်းကျောင် းသော်လည်းကောင်း၊ ကျန်းမာရေးအားဖြင့်ကျောက်ဖြူနဲ့ဟိုဘက်ကမ်းမှာနေပြီးတော့ ကျေးရွာပေါင်း ၇၃ ရွာရှိတယ်လေ။ အဲလို ရေကြောင်းနဲ့ပဲမြို့ကိုလာရတဲ့ ကျေးရွာက လူတွေကတော့ တော်တော်လေး အကျပ်အတည်းနဲ့အတိဒုက္ခတွေရောက်မယ်လို့ မြင်မိတယ်"ဟု ပြောသည်။

ယင်းအပြင်မြစ်ကြောင်းတူးရာမှထွက်လာမည့်မြေစာပုံများကိုစွန့်ပစ်ရာတွင်လည်းသဘာ၀ပတ်ဝန်းကို အနည်းနှင့်အများဆိုသလို ထိခိုက်လာနိုင်သည်ဟုလည်း ပြောသည်။

ရေနံတင်သင်္ဘာများဆိုက်ကပ်သည့် ဆိပ်ကမ်းတည်ရှိရာမဒေးကျွန်းသည် ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်သာဝေးပြီး ဒေသခံများသည်သံဇစ်မြစ်နှင့် ကျောက်ဖြူမြစ်တို့ကို အားထားပြီး တံငါလုပ်ငန်းဖြင့်ဝမ်းစာရှာဖွေစားသောက်နေကြ၇သူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အာရပ်ကမ္ဘာနှင့်အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိရေနံစိမ်းသိုလှောင်ကန်မှတစ်ဆင့် မြေအောက် ပိုက်လိုင်းများဖြင့်၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ရေနံတင်သင်္ဘောများစတင်ဆိုက်ကပ်သည့်အချိန်ကပင် မဒေးကျွန်း၊ သံဇစ်မြစ်ကိုအမှီပြု၍ အသက် မွေးဝမ်းကျောင်းသည့် ဒေသခံရေလုပ်သားအများအပြားမှာ ငါးရှာဖွေဖမ်းဆီးမည့် လုပ်ကွက်များ ဆုံးရှုံးသွားကြောင်းဒေသခံရေလုပ်သားများက ပြောဆိုကြသည်။

မဒေးကျွန်းရှိရေနံတင်ချဆိပ်ကမ်းအား တန်ချိန် ၃ သိန်းဆံ့ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့သည်။

ပုံစာ- ကျောက်ဖြူရှေ့ရှိ မြစ်အတွင်းသို့ ဝင်လာသည့် တရုတ်ရေနံတင် သင်္ဘောတစ်စီးကို တွေ့၇စဉ်။

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.