သဉ္စာနွယ်၊နိရဉ္စရာ၊ဇူလိုင် ၂၄/ ၂၀၂၄
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်မှ ရုံးတက်ရန် ပျက်ကွက်နေသည့် ဝန်ထမ်းများအားလုံးကို လစာများ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့မှ အမည်မဖော်လိုသူ ဝန်ထမ်း အမျိုးသမီးတစ်ဦးက “စစ်ဘေးရှောင်နေကြတဲ့ ဝန်ထမ်းတွေရော၊ ကျောင်းမလာတဲ့ပညာရေးဝန်ထမ်း၊ဆေးရုံမရောက်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်းပါတယ်။ဝန်ထမ်းဟူသမျှ ဒီကာလမှာ တာဝန်ပျက်ကွက်တဲ့ ဝန်ထမ်းတွေ အားလုံးက CDM အဖြစ်သတ်မှတ်ခံထားရတယ်။ အဲသလိုကြားတယ်။ လစာတွေ ဘာတွေ မရဘူး” ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။
တောင်ကုတ်မြို့မှ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းအပါအဝင် တာဝန်ပျက်ကွက်သည့် ဝန်ထမ်းအားလုံးကို လစာများလည်းမပေးတော့ဟုသိ၇သည်။
တောင်ကုတ်မြို့နယ်အတွင်းမှပညာရေးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအချို့သည်လည်းဇွန်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် လက်ရှိ ဒေသ အခြေအနေ မတည်ငြိမ်မှုများကြောင့်စစ်ဘေးရှောင်နေကြရပြီး တာဝန်ပြန်လည် ထမ်းဆောင်ရန် လာရောက်နိုင်ခြင်းမရှိကြဘဲ ဖြစ်နေကြသည်ဟု သိရသည်။
ယင်းသို့တာဝန်ထမ်းဆောင်ရန်လာရောက်ခြင်းမရှိသူများကို ဇွန်လမှစတင်ကာ လစာ မပေးတော့ကြောင်းအဆိုပါဝန်ထမ်းများနှင့် နီးစပ်သူများကပြောသည်။
ယင်းအပြင်တောင်ကုတ်မြို့တွင် ကျောင်းမတက်သည့်ဆရာနှင့်ဆရာမများအားလုံးကို ကျောင်းလာတက်ကြရန် မြို့နယ်ပညာရေးမှူးက ဖိအားပေးထားပြီးပျက်ကွက်သူများကို ဖမ်း၀ရမ်းထုတ်ရန်ကြားသိနေရသဖြင့် အခက်အခဲကြုံနေရသည်ဟု တောင်ကုတ်မြို့မှပညာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ကျောင်းစမဖွင့်ခင်က တောင်ကုတ်နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိတယ်။တိုက်ပွဲဖြစ်တော့ ဆရာဆရာမတချို့နဲ့မြို့ခံတချို့ စစ်ဘေးရှောင်ကြတယ်။ ကျောင်းတွေ စဖွင့်တော့ဆရာ/ဆရာမ အများစုက ကျောင်းမလာကြတော့ဘူး။ နောက်ထပ် တောင်ကုတ် တက္ကသိုလ်မှာလက်နက်ကျတော့ ဘယ်ဝန်ထမ်းက အသက်အာမခံချက်မရှိဘဲ တာဝန် ထမ်းဆောင်မှာလဲ။အခုကြားနေရတာက ကျောင်းတွေကိုလာဖို့ဖိအားပေးတာ။ မလာရင် လစာမ၇။တိုးတိုးတိတ်တိတ် ဖမ်း၀ရမ်းထုတ်တယ်လို့ကြားတော့ စိတ်က မလုံခြုံတော့ဘူး” ဟုပြောသည်။
သို့သော်လည်း အဆိုပါ ဖမ်း၀ရမ်းထုတ်သည်ဆိုသော သတင်းအပေါ်သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီးတောင်ကုတ်မြို့နယ်ပညာရေးမှူးဦးကျော်ထွန်းအောင်ကို နိရဥ္စရာကဖုန်းဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခဲ့ခြင်းမရှိပေ။
ရခိုင်ရှိအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်မြို့နယ်များရှိ စစ်ကောင်စီ ဝန်ထမ်း များကိုလည်းစစ်ကောင်စီက ဝန်ထမ်းအဖြစ်မှထုတ်ပယ်ပြီး လစာများလည်းမပေးတော့၍ စားဝတ်နေရေးကျပ်တည်းလျက်ရှိကြသည်ဟု သိ၇သည်။
ဓာတ်ပုံ- ရခိုင်မှ ပညာရေးဝန်ထမ်းအချို့အားတွေ့၇စဥ်။